Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၂၅)

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကနောင်ရဲစခန်း ကို လက်လုပ်ဗုံးသီးပစ်လောင်ချာ (၅) ချက်၊ လက်လုပ်ဗုံး (၂) လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု (၁၀) မိနစ်ဝန်းကျင် ဖြစ်ခဲ့တယ်လို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့ က ပြောပါတယ်။

မနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ “စခန်းအတွင်းရှိ ရဲခွေးများမှ ဝိုင်းဝန်းပစ်ခတ်ကြသဖြင့် အပြန်အလှန် ပစ်ခတ်ရင်း လူ၊လက်နက်အင်အား မမျှသဖြင့် ရဲခွေးများဝိုင်းဝန်း ပစ်ခတ်နေသည့် ကြားမှ ထိခိုက်ဒဏ်ရာမရရှိဘဲ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါ” တယ်လို့ သူတို့အဖွဲ့ရဲ့ ဒီနေ့ နေ့လည်ပိုင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ “မည်သည့်စစ်ကောင်စီစခန်း၊ ဌာနများနှင့် မည်သည့်နေရာမှမဆို ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ထွက်ပေါ်လာပါက စူးစမ်းလိုစိတ်ဖြင့် ထွက်လာကြည့်ခြင်း၊ စုံစမ်းကြည့်ရှုရန် စုဝေးရောက်ရှိလာခြင်းများ (နောက်ဆက်တွဲများ ပေါက်ကွဲပါက ထိခိုက်မည်ဟု စိုးရိမ်ပါ၍) ရှောင်ရှားကြပါရန်နှင့်‌ တော်လှန်ရေး အဖွဲ့ဝင်ရဲဘော်များအား တွေ့ရှိပါက တတ်နိုင်သမျှကူညီပေးကြပါရန်အထူး (အထူး)မေတ္တာရပ်ခံအပ်” တယ်လို့ သူတို့အဖွဲ့က ပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေကို သူတို့အဖွဲ့တွေက တန်ပြန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။