Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၂၆)

စစ်ကောင်စီ သတင်းပေးဆိုပြီး နာမည်ကြီးနေတဲ့ ဦးမင်းဇော် ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းညီရွာ မှာ နေထိုင်တဲ့ စစ်ကောင်စီသတင်းပေးဆိုပြီး နာမည်ကြီးနေတဲ့ ဦးမင်းဇော်ကို နိုဝင်ဘာ (၂၄) ရက် မနက်ပိုင်းက သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သူတို့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“သတိပေးစာထုတ်ထားသော်လည်း လိုက်နာခြင်းမရှိသောကြောင့်” ဦးမင်းဇော် ကို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ သတင်းပေးဒလန် မှန်သမျှကို ရှင်းလင်းသုတ်သင်သွားမယ်ဆိုတဲ့ အကြောင်းကို သတိပေးစာ အကြိမ်ကြိမ် ထုတ်ပြန်ထားပြီးဖြစ်လို့ အချိန်မနှောင်းခင် အမြင်မှန်ရကာ ပြည်သူနဲ့ အတူရပ်တည်ကြဖို့ကိုလည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပုလောမြို့နယ်၊ နန်းတောင်ရွာက စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

နိုဝင်ဘာ (၂၄) ရက်နေ့ “နေ့လည် (၁) နာရီမှ (၂) နာရီအထိ နှစ်နာရီကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့” တယ်လို့ သူတို့အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။