Spread the love

ရန်ကုန်၊ နိုဝင်ဘာ (၃၀)

ပြည်တွင်းက ပြည်သူတွေနဲ့ နယ်စပ်ဒေသတွေမှာ တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ အခုလို ဒုက္ခမျိုးစုံ ခံစားနေရတာ စစ်ကောင်စီကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မှတ်ချက်ပြုပါတယ်။

“ပြည်သူတွေ အားလုံးဟာ ဒုက္ခမျိုးစုံခံနေရတာကြောင့် ဒီဒုက္ခတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ဖို့ဆိုတာကတော့ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ်” သူက
မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။

အာဏာသိမ်းပြီးနောက် နယ်စပ်ဒေတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ IMM က အစည်းအဝေးမှာ ပြောဆိုဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က “ဒီတော်လှန်ရေးဟာ နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေး မဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်” တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “လက်ရှိအချိန်တွင် တပ်မတော်မှ နိုင်ငံ တော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရလျက်ရှိပြီး နိုင်ငံ့စီးပွားရေးသည် ထိုက်သင့်သလောက် တိုးတက် လာပြီဖြစ်ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ ပပျောက်လျော့နည်းစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ” တယ်လို့ မကွေးတိုင်းဒေသကြီး တပ်နယ်မြေအတွင်းက စစ်ကောင်စီမိသားစုတွေနဲ့ နိုဝင်ဘာ (၂၈) ရက်နေ့က တွေ့ဆုံစဉ်က အခုလို ပြောဆိုခဲ့တာပါ။