Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၇)

KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလက တိုက်ပွဲ စုစုပေါင်း (၃၀၆) ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း (၂၁၇) ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ (၁၇၁) ဦး ရှိခဲ့တယ်လို့ ဒီနေ့ မနက် ဖော်ပြချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဘက်ကလည်း စုစုပေါင်း (၉) ဦး သေဆုံးခဲ့ကာ (၂၇) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသောကြောင့် စစ်ဘေးရှောင် ပြည်သူလူထုများမှာ ၎င်းတို့ နေထိုင်ရွာကျေးရွာများ အတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင့်များအတွင်းသို့ ပြန်လည် နေထိုင် လုပ်ကိုင်စားသောက်ခွင်များမရရှိဘဲ အသက်ဘေးလွတ်ရာသို့သာ ထွက်ပြေးတိမ်းရှောင်နေကြ ရသောကြောင့် စာနပ်ရိက္ခာများ၊ အဝတ်အစားများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ ဆေးဝါးများ အစရှိသည့် လူသားချင်းစားနာထောက်ထားမှုဆိုင်ရာအကူအညီများ အများအပြားလိုအပ်” တယ်လို့ KNU က ပြောပါတယ်။

ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ့နေအိမ် စုစုပေါင်း (၁၄) လုံး နဲ့ စပါးကျီ (၄) လုံး ပျက်စီးခဲ့ကာ အသက် (၁၃) နှစ်အရွယ် မိန်းကလေး (၁) ဦး အပါအဝင် တခြားအပြစ်မဲ့ ပြည်သူ စုစုပေါင်း (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။