Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၈)

နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။

“မြေပြင်၌လည်း စီမံခန့်ခွဲမှုများသည် အရေးကြီးလာသကဲ့သို့ NUG အစိုးရအနေနဲ့ ရှေ့လျှောက်ဆောင်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားမှသာ တော်လှန်ရေးကို ခိုင်ခိုင်မာမာဖြင့် ရှေ့ဆက်လျှောက်လှမ်းနိုင်မည်ဖြစ်၍ အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြ” ဖို့ကိုလည်း သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ သူက အခုလို ပြောဆိုခဲ့တာပါ။

အခုချိန်မှာ မြေပြင်ဆွေးနွေးချက်တွေက အဓိကကျသလို မြေပြင်အခြေအနေမှန်ကို သိရှိနိုင်မှသာ တော်လှန်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေဖြစ်နေကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၅) ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ ဖော်ပြချက်အရ သိရပါတယ်။