Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၉)

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ကျေးရွာတစ်ရွာ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကျပ် (၂၅) သိန်းထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကိုင်းခရိုင် လူသားစာနာ တာဝန်ခံနှင့် စစ်ကိုင်းမြို့နယ် လူသားစာနာ တာဝန်ခံတို့မှ ဇန်နဝါရီလ (၈) ရက်နေ့တွင် သွားရောက်၍ စစ်ဘေးရှောင် မီးဘေးသင့် အိမ်ထောင်စု ၉၀ အတွက် ခရိုင်လူသားစာနာမှ ငွေကျပ်(၁၀)သိန်း၊စစ်ကိုင်းမြို့နယ်အခွန်ကောက်ခံ ရရှိမှုမှ ငွေကျပ် (၁၀)သိန်း၊ သီးခြားအလှူရှင်တစ်ဦးမှ ငွေကျပ် (၅)သိန်း၊ စုစုပေါင်း ငွေကျပ်(၂၅ )သိန်းအား ရပ်/ကျေး ပကဖ တာဝန်ခံနှင့် ရပ်မိရပ်ဖ တို့ထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့အပြင် ကျေးရွာမှကျဆုံး သံဃာ‌တော်တစ်ပါး၊ အမျိုးသမီးတစ်ဦး၊အမျိုးသားတစ်ဦး၊ PDF ရဲဘော်တစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းဖြင့် စုစုပေါင်း ငွေကျပ် (၄)သိန်းကို ‌ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။” တာ ဖြစ်တယ်လို့ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒီနေ့ မနက်က အသိပေးပြောကြားခဲ့တာပါ။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းမြို့နယ်က ကျေးရွာကို ဝင်ရောက်စီးနင်းချိန်က သီတဂူဗုဒ္ဓတက္ကသိုလ် BA.Buddha ဘွဲ့ရ၊ သီတဂူနာယက (၁၀) ပါး စာရင်းဝင် ဆရာတော်နဲ့ CDM ကျောင်းဆရာမတစ်ဦး ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော စစ်ရာဇဝတ်မှုများအား အထောက်အထားရယူကာ စနစ်တကျ စာရင်းပြုစု၍ မှတ်တမ်းတင်ဆောင်ရွက်လျက် ရှိပါသည်။” တယ်လို့ NUG က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန ရဲ့ အခုနှစ်ဆန်းပိုင်း ဖော်ပြချက်အရ သိရပါတယ်။