Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၉)

စစ်ကောင်စီ ပစ်တဲ့ လက်နက်ကြီး ထိမှန်လို့ အသက် (၆၆) နှစ်အရွယ် ဦးလျိုပန် သေဆုံးသွားခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ဗဟိုနှင့်သတင်းပြန်ကြားရေးဌာန က ပြောပါတယ်။

မနေ့ ညက စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီး ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ မိုးဗြဲမြို့၊ ပွဲကုန်း (၁) ရပ်ကွက်က ဦးလျိုပန်ရဲ့ နေအိမ်ကို ထိမှန်ခဲ့လို့ အခုလို သေဆုံးသွားတာ ဖြစ်တယ်လို့ ဒီနေ့ မနက်ပိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ယခုပတ်မှစ၍ မိုးဗြဲမြို့‌ပေါ်သို့ အကြမ်းဖက် စကစလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု အကြိမ်အရေအတွက် ပိုပိုများလာပြီး တိုက်ပွဲမဖြစ်ဖြစ်အောင် ဖန်တီးလျက်ရှိနေပါသည်။ ထို့ကြောင့် မိုးဗြဲပြည်သူများအနေဖြင့် မိုးဗြဲမြို့သည်
လုံးဝအေးချမ်းသည် မဟုတ်ကြောင်းကို သိရှိရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ မိုးဗြဲမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏လုံခြုံရေးကို မပေါ့လျော့ကြရန်နှင့် သွားလာလှုပ်ရှားမှုကို အထူးဂရုပြုကြ” ဖို့ သူတို့အဖွဲ့က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန ရဲ့ အခုနှစ်ဆန်းပိုင်း ဖော်ပြချက်အရ သိရပါတယ်။