Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၀)

စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူပေးနေသူတွေကို ပြင်းပြင်းထန်ထန် တရားစွဲဆိုသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးပြောကြားလိုက်ပါတယ်။

“တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက် ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွား” မယ်လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အုပ်စုက တစ်အိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူတာမျိုး ပြုလုပ်ပါက ငြင်းဆန်ကာ မပူးပေါင်းမပါဝင်ဖို့ကိုလည်း NUG က မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးဆောင်တဲ့ လာမယ့် ရွေးကောက်ပွဲအတွက် စစ်အုပ်စုက ၂၀၂၃ ဇန်နဝါရီလ (၉) ရက်ကနေ (၃၁) ရက်နေ့အထိ (၂၃) ရက်ကြာ “တစ်အိမ်တက်ဆင်း” လူဦးရေစာရင်း ကောက်ယူသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာမှာ စစ်တပ်က လုံခြုံရေးလိုက်ပါပေးပြီး မဲစာရင်းလိုက်ကောက်နေတဲ့ အဖွဲ့ကို မနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား(၁)ဦးသေဆုံးကာ သေနတ်(၁)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။