Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၁)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အားမနာတမ်း ဝေဖန် အကြုံပြုပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

“ကျွန်တော်တို့ဟာ ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်တာမျိုး မဖြစ်စေရပါဘူး။ လူထုသဘောထား ဆန္ဒနဲ့ အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ကျွန်တော်တို့ဟာ လူထုလမ်းညွှန်မှုကို ခံယူသလို၊ သက်ဆိုင်ရာ သပိတ်အင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း လေးစားစွာ နားထောင်နေပါတယ်။ မှားတာ ရှိရင် ပြင်ဆင်ဖို့ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပါဘူး။ ယခုလည်း ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်အားဖြင့်လည်းကောင်း / သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင် အမြဲမပြတ် ကြိုးစားနေပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။

မြေပြင် သပိတ်အင်အားစု အဖွဲ့ပေါင်း (၁၂) ဖွဲ့နဲ့ အွန်လိုင်းကတစ်ဆင့် မနေ့ နေ့လယ်က တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေးမှာ အခုလက်ရှိ တွေ့ဆုံရတဲ့ သပိတ်အင်အားစုအသီးသီးကို တည်ဆောက်ရေးအင်အားစုသစ်အဖြစ် မျှော်လင့်ထားပါတယ်။ တော်လှန်ရေးမှာ ပါဝင်သလို တည်ဆောက်ရေးမှာလည်း စွမ်းစွမ်းတမံ ပါဝင်ကြဖို့ အထူးမျှော်လင့်ထားပါတယ်။ ယခုကတည်းက တော်လှန်ရေးမှာ ပါဝင်ရင်း မိမိကိုယ်ကို အသိပညာကိုယ်ခံအား မြင့်မားနေအောင် တည်ဆောက်ထားကြဖို့လည်း တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ယုံကြည်ချက်နဲ့ ခံယူချက် ခိုင်ခိုင်မာမာထားပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ ပါဝင်သကဲ့သို့ / ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာလည်း ပညာကိုယ်ခံအား မြင့်မြင့်မားမားနဲ့ ပါဝင်ထမ်းရွက်နိုင်ကြဖို့ မျှော်လင့်” ပါတယ် လို့ သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။