Spread the love

အသက် (၂၁) နှစ်အရွယ် ကစ်ကစ်(အမည်လွှဲ) က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ အခုဆိုရက်ပေါင်း (၇၀၀) ကျော် ရှိနေပါပြီ။

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ချိန်က ကစ်ကစ်ဟာ အသိမိတ်ဆွေ CDM ဆရာဝန်တွေနဲ့အတူ ရန်ကုန်က မြို့နယ်တစ်ခုမှာ အခမဲ့ဆေးခန်း ဖွင့်လှစ်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

သူက တတိယနှစ် ဆေးကျောင်းသူတစ်ဦး ဖြစ်တဲ့အတွက် ဖေဖော်ဝါရီလ (၂) ရက်နေ့ထဲက CDM Student လှုပ်ရှားမှုမှာ လည်း ပါဝင်ခဲ့ပါတယ်။

သူလိုပဲ စစ်အာဏာ သိမ်းတာကို လက်မခံတဲ့ ကျောင်းသူ၊ ကျောင်းသား အများစုဟာ CDM Student လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာပါ။

အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သင်ကြားပေးနေတဲ့ ပညာရေး ဟာ အခြေခံလူတန်းစားတွေအတွက် အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်သလို အွန်လိုင်းပေါ်ကနေ သင်ကြားနေတဲ့ ပုံစံဖြစ်လို့ အဆင့်မြင့် ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ယုံကြည်မှုကို အပြည့်အ၀ ရရှိဖို့လည်း လိုအပ်နေပါသေးတယ်။

လက်လှမ်းမီဖို့ ခက်ခဲတဲ့ NUG ပညာရေး

CDM Student ကျောင်းသား၊ ကျောင်းသူတွေ ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် NUG ပညာရေးဝန်ကြီးဌာန က အခြေခံပညာရေး၊ အဆင်မြင့်ပညာရေး နဲ့ သက်မွေးပညာရေး ကဏ္ဍာ (၃) ခုခွဲကာ ကြားကာလပညာရေး ကို သင်ကြားပေးနေတာပါ။

NUG အစိုးရရဲ့ သင်ကြားမှုပုံစံဟာ အွန်လိုင်းက သင်ကြားတဲ့ ပညာရေးစနစ်ဖြစ်လို့ လူငယ်အများစုဟာ NUG ဆီမှာ ပညာသင်ကြားဖို့အတွက် စိန်ခေါ်မှု၊ အခက်အခဲများစွာ ရှိနေပါတယ်။

ကလေးနှစ်ယောက်မိခင် ဒေါ်စန္ဒာ (အမည်လွှဲ) က အွန်လိုင်းပေါ်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ NUG အစိုးရရဲ့ ပညာရေးကို လက်လှမ်းမှီဖို့ ခက်ခဲနေပါတယ်။

“NUG အစိုးရဖွင့်တဲ့ ကျောင်းကို ဝင်အပ်ဖူးတယ်။ ပြေးနေရတဲ့ အချိန်ကြတော့ ဖုန်းကလည်း အဆင်မပြေဘူး။ လိုင်းကလည်း အဆင်မပြေဘူး။ ကျောင်းအပ်တယ် ဒါပေမဲ့ လူအရမ်းများနေလို့လား မသိဘူး။ ကိုယ်တွေဆီကို ပြန်မရောက်ဘူး။ အပ်လို့ ရတယ်ဆိုတာမျိုးကိုပေါ့။ ပြေးရင်းလွှားရင်းနဲ့ကြတော့ အဆင်မပြေဘူး။ အဓိက အင်တာနက်လိုင်းက အဆင်မပြေတော့ ကလေးတွေလည်း အွန်လိုင်းကနေ သင်ခွင့်မရခဲ့ဘူး။” လို့ သူရဲ့ အခက်အခဲကို ပြောပြပါတယ်။

သူမှာ အသက် (၁၆) နှစ်အရွယ် သားတစ်ဦးနဲ့ အသက် (၈) နှစ်အရွယ် သားတစ်ဦး ရှိပါတယ်။

ဒေါ်စန္ဒာတို့ မိသားစုကို စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ အတွက် သားအမိသုံးဦး လွတ်မြောက်ရာ နယ်မြေကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ။

စစ်ကောင်စီက ဒေါ်စန္ဒာရဲ့ အမျိုးသားကိုတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့လို့ ထောင်ထဲမှာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ သူရဲ့ သားနှစ်ဦးကို NUG အစိုးရက သင်ကြားနေတဲ့ ပညာရေးကို ထားဖို့အတွက် လက်လှမ်းမမှီလို့ လွတ်မြောက်ရာနယ်မြေအတွင်းမှာ ရှိတဲ့ ကျောင်းတစ်ခုမှာပဲ ပညာဆက်လက် သင်ကြားပေးနေပါတယ်။

ဒေါ်ယုယ(အမည်လွှဲ) ရဲ့ သမီး ဟာလည်း လက်ရှိအချိန်မှာ လွတ်မြောက်ရာနယ်မြေတစ်ခုက ကျောင်းတစ်ကျောင်းမှာ GET (၁၂) တန်း တက်ရောက်နေပါတယ်။

“သမီးလေးကတော့ ကျောင်းတက်နေပါတယ်။ ရွှေ့ပြောင်းတွေတက်တဲ့ ကျောင်းမှာ ကျောင်းတက်နေပါတယ်။” လို့ သူက ပြောပါတယ်။

ဒေါ်ယုယရဲ့ သမီးဟာ အာဏာမသိမ်းခင်ထဲက တက္ကသိုလ်ဝင်တန်းကို အောင်ထားသူ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေါ်ယုယ ရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေ၊ ဖမ်းဆီးဖို့ ကြိုးစားခဲ့လို့ သူတို့ မိသားစုဟာ လွတ်မြောက်ရာ နယ်မြေကို တိမ်းရှောင်ခဲ့ရတာပါ။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန ရဲ့ ၂၀၁၉ -၂၀၂၀ ခုနှစ် ပညာသင်နှစ် စာရင်းတွေအရ မြန်မာနိုင်ငံမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၉) သန်းကျော် နဲ့ ဆရာ၊ ဆရာမ (၄) သိန်းကျော်ရှိနေပါတယ်။

NUG ပညာရေးဝန်ကြီးဌာန ရဲ့ ကြားကာလပညာရေးဖြစ်တဲ့ အိမ်တွင်းအခြေပြု ပညာရေးသင်ကြားမှု နဲ့ အွန်လိုင်းကတစ်ဆင့် သင်ကြားမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးဖျက်တောက်မှုက တစ်နေ့တခြားပိုဆိုးလာသလို အင်တာနက် ဈေးနှု န်းတွေကလည်း ပိုမိုမြှင့်တက်လာပါတယ်။

NUG ရဲ့ အွန်လိုင်းကတစ်ဆင့် သင်ကြားရတဲ့ ပညာရေးဟာ အခြေခံလူတန်းစားတွေအတွက် ငွေကြေးအမြောက်အများ အကုန်အကျခံနိုင်မှသာ စာတတ်မြောက်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။

“NUG က content တွေ ဖန်တီးနိုင်တယ်။ ဖန်တီးတာတော့ ပြည်သူ့အစိုးရ ဖြစ်တဲ့အတွက် အားလုံးဝိုင်းပြီး ပံ့ပိုးကြတော့ ဝုန်းဝုန်းနဲ့ လုပ်လိုက်နိုင်တယ်။ အခြေခံပညာမှာဆို content တွေအများကြီးပဲ ဖြစ်သွားတယ်။ quality ကို ကျွန်တော် မပြောသေးဘူး။ နောက်တစ်ဆင့်ထပ်သွားဖို့ NUG ကိုလည်း ဝိုင်းပြီး support လုပ်ဖို့ လိုသေးတယ်။ offline သွားလို့ရတဲ့ တချို့အပိုင်းတွေကိုတော့ မလုပ်သေးတာလေးတွေ တွေ့ရတယ်ပေါ့။ content ထုတ်တဲ့အပိုင်းက တစ်ပိုင်းပေါ့ နောက်တစ်ပိုင်းကတော့ ရောက်အောင်လုပ်တဲ့ အပိုင်းမှာတော့ နည်းနည်းလေး ဆက်တွန်းဖို့ လိုသေးတယ်လို့တော့ မြင်ပါတယ်။ ဒါတစ်ပိုင်းပေါ့။ product အနေနဲ့ စဉ်းစားမယ်ဆို ထုတ်လုပ်တာ ပြီးသွားပြီ။ user တွေ လက်ထဲရောက်အောင် ထည့်တဲ့အပိုင်းက နည်းနည်းအားနည်းနေတယ်။” လို့ 360ed ဓာတ်သင်ပုန်း တည်ထောင်သူ ဒေါ်လှလှဝင်း က ထောက်ပြပါတယ်။

360 ed ဓါတ်သင်ပုန်းကုမ္ပဏီဟာ Augmented Reality (AR) လို့ခေါ်တဲ့ 3D ၃ ဘက်မြင် နည်းပညာကို အသုံးပြုပြီး အွန်လိုင်း သင်ထောက်ကူ Application တွေကို တီထွင် ထုတ်လုပ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပညာရေးကဏ္ဍမှာ သင်ထောက်ကူအဖြစ် အသုံးပြုနိုင်ဖို့ AR နည်းပညာကို 360 ed ဓါတ်သင်ပုန်း အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြန့်ဝေခဲ့တာပါ။

“ပြည်သူတွေအကုန်လုံးကလည်း ကိုယ့်ဘက်မှာရှိနေတဲ့ ပြည်သူ့အစိုးရအနေနဲ့ နောက်ပြီး စနစ်တစ်ခုကိုလည်း ဖော်ဆောင်ခွင့်ရှိတယ်။ ခေတ်ပြောင်းလာတာနဲ့ အမျှ စနစ်အသစ်ကို ဖော်ဆောင်ဖို့အတွက် နည်းပညာလည်း ရှိနေပြီ။ အခုကတော့ ကျွန်တော်တို့ နည်းပညာကို အသုံးချပြီးတော့ နည်းပညာလို့ ပြောတဲ့နေရာမှာ အွန်လိုင်းပဲ မမြင်စေချင်ဘူး။ offline ဖြစ်လို့ရတယ်။ နည်းပညာလို့ ပြောလိုက်တဲ့နေရာမှာ အွန်လိုင်းပဲ မြင်စရာမလိုဘူး။ offline ဖြစ်အောင် လုပ်လို့ရတဲ့ နည်းပညာတွေရှိတယ်။ နည်းပညာရဲ့ ကောင်းတဲ့ အားသာချက်တွေ အကုန်လုံးကို သုံးပြီးတော့ ခေတ်စနစ်နဲ့ ညီတဲ့ ခေတ်ရော စနစ်ရော နိုင်ငံရဲ့ အနေအထားနဲ့ရော ညီတဲ့ စနစ်သစ်တစ်ခုကို လုပ်ဖို့ အခွင့်အရေးတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်ကတော့ ဒီကာလကို အခွင့်အရေးတစ်ခု အနေနဲ့ မြင်ပါတယ်။ အသုံးချတတ်မယ်ဆိုရင် အခွင့်အရေးတစ်ခုအနေနဲ့ အကောင်းဆုံး အသုံးချနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင်ပေါ့။ product ထုတ်တာကောင်းတယ်။ ထုတ်ပြီးတဲ့ content တွေကို ကျောင်းသားတွေ လက်ထဲရောက်အောင် ပို့ဖို့ နောက်တစ်ဆင့် ကြိုးစားရမယ်။ ပြီးရင် တန်းဝင် မဝင်စစ်နိုင်မယ့် အနေအထားတစ်ခုကို ဖန်တီးရမယ်။” ဒေါ်လှလှဝင်း က သုံးသပ်ပြောကြားပါတယ်။

ဘာကြောင့် NUG ပညာရေးကို အပြည့်အ၀ မယုံကြည်တာလဲ

စစ်ကောင်စီရဲ့ ပညာရေးကို သပိတ်မှောက်ထားတဲ့ ကစ်ကစ် ဟာ CDM Student လှုပ်ရှားမှုကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အာမခံချက် မရှိတဲ့ NUG က သင်ကြားပေးနေတဲ့ ပညာရေးကိုတော့ သူအနေနဲ့ အပြည့်အ၀ ယုံကြည်ဖို့ ခက်ခဲနေပါတယ်။

“အဓိက ဘာကြောင့် မတက်ဖြစ်တာလဲဆိုတော့ အဓိက ပြန်သုံးလို့ မရဘူးဆိုတဲ့ ဟာတစ်ခုက ခံနေတယ်ပေါ့။ ဒါကို အသိအမှတ်ပြုမှာလားဆိုတဲ့ မေးခွန်းက လူတိုင်းမေးကြမယ်လို့ ထင်ပါတယ်။ အလုပ်လျှောက်တဲ့အခါ NUG အစိုးရက ပေးတဲ့ ဘွဲ့တစ်ခုဆိုတဲ့ဟာနဲ့ အခုချိန်မှာ လျှောက်လို့ မရသေးဘူးဆိုတဲ့ဟာက လူတိုင်းသိကြမှာပဲ။ ဒါကြောင့်မို့လို့ ထင်ပါတယ်။ Hundred percent အသုံးမဝင်သေးဘူးပေါ့။” လို့ သူက ပြောပါတယ်။

သူဟာ NUG ပညာရေးကို တက်ရောက်သင်ကြားတာမျိုး မရှိသေးပေမယ့် တတိယနှစ် ဆေးကျောင်းသူ CDM Student ဖြစ်တယ်ဆိုတာကိုတော့ NUG ပညာရေးဝန်ကြီးဌာနမှာ စာရင်းသွင်းထားပါတယ်။

“တကယ်ပဲကျောင်းမှာ လက်တွေ့ ကိုယ်တိုင်သွားပြီးတော့ တက်ရောက်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးပညာဆိုတာက အွန်လိုင်းက စာဖတ်ပြီး ပြီးတာမဟုတ်ဘူး။ တကယ်လက်တွေ့ဆိုတဲ့ဟာမျိုးတွေ လိုအပ်တဲ့အခါကြတော့ (၁၀၀) နှုန်းတော့ ကျောင်းလောက် cover မပေးနိုင်ဘူးဆိုတာ အမှန်ပဲ။ ” လို့ ကစ်ကစ် က ပြောပါတယ်။

NUG ရဲ့ ” ပညာရေး ဝက်ဆိုက်ဒ်တွေ ဘာတွေကို နိုင်ငံတကာ အသိအမှတ်ပြုဖို့ အများကြီးလမ်းဖောက်ရဦးမယ်။ ဒါကလည်း အခုမှစပြီး လောလောလတ်လတ် အစိုးရအသစ်ဖြစ်တဲ့အတွက် နိုင်ငံတကာအသိအမှတ်ပြုကို ရဖို့ဆိုတာ သူတို့ အများကြီး ရှေ့ဆက်လျှောက်ရမယ်လို့ ထင်တယ်။ အဓိက မြန်မြန်ကြိုးစားစေချင်တယ်ပေါ့။ မြန်မြန်ရအောင် ဘယ်လိုလုပ်နိုင်မလဲပေါ့။ အသိအမှတ်ပြုမှုဆိုတာ ရသွားပြီဆိုရင် လူတိုင်းက သူတို့ကို တစ်ခဲနက် ပြန်ပြီးတော့ ပါဝင်လာမယ်လို့ ထင်ပါတယ်။” လို့ သူက ထောက်ပြပါတယ်။

၂၀၂၁- ၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ဦးရေ (၃) သန်းခွဲကျော် နဲ့ ဆရာ၊ ဆရာမ (၂) သောင်းကျော် ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရပါတယ်။

NUG ပညာရေးဝန်ကြီးဌာန အနေနဲ့ သူတို့ဆီမှာ စာရင်းသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းကို နေ့အလိုက် အတန်းတက်ရမယ့် အချိန်ဇယားတွေနဲ့ လအလိုက်စာမေးပွဲ ဖြေဆိုရမယ့် နေ့ရက်တွေကို အမြဲမပျက် email ကနေတစ်ဆင့် အသိပေးစာတွေ ပေးပို့နေတာပါ။

CDM Student တချို့ဟာ NUG က ဖွင့်လှစ်သင်ကြားနေတဲ့ ပညာရေးကို တက်ရောက်နေသလို တချို့သော CDM Student တွေက Self-study ပုံစံမျိုးနဲ့ပဲ ပညာရေး ကို လေ့လာသင်ကြားနေကြတာ ဖြစ်ပါတယ်။

ဘာသာစကား အခက်အခဲ မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ အွန်လိုင်းပေါ်မှာရှိတဲ့ အခမဲ့ website တွေမှာ free course တွေ ကို လေ့လာသင်ကြားနေကြပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေး မတည်မငြိမ်ဖြစ်နေလို့ တချို့သော ကျောင်းသား၊ ကျောင်းသူတွေဟာ ပြည်ပနိုင်ငံတွေမှာ ပညာဆက်လက် သင်ကြားနိုင်ဖို့ ကြိုးစားနေကြပါတယ်။

အသက် (၂၄) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အောင်ကျော်(အမည်လွှဲ) က “NUG က သင်ကြားပေးနေတာတွေကိုတော့ တွေ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီထက်ပိုပြီးလည်း သိချင်တာပါသလို အွန်လိုင်းဆိုတာကိုလည်း ကျွန်တော် မကြိုက်ဘူးဗျ။ ဒီနိုင်ငံမှာ မလုံခြုံတဲ့အတွက် အပြင်တွေ ဘာတွေသွားလို့ စာသင်နေတယ်ဆိုလည်း သတိထားရတယ်။ ကျွန်တော်တို့လိုစိတ်နဲ့က ထွက်ပြီးပြောမိလိုက်ရင် ချက်ချင်းပါသွားမယ့်ပုံစံမှာ ရှိနေတယ်ဗျ သိလား။ သူသင်တာကို အမြဲမျက်ခြေမပျက်တော့ လိုက်ကြည့်နေတယ်။ ဒါပေမဲ့ ကိုယ်တိုင် မတက်ဖြစ်တာပဲ ရှိတာဗျ။ ဒီနိုင်ငံမှာက နေရတာ ဘယ်လိုမှ နေလို့မရတော့ဘူး ကျွန်တော်တို့ စိတ်တွေနဲ့။ ကျွန်တော်က ရရင် ရသလို ပြန်ချချင်တယ်။ အိမ်ကလည်း အဲ့လိုမလုပ်ပါနဲ့ ထိန်းပါဦးဆိုတော့ နိုင်ငံခြားထွက်ဖို့ ကျောင်းတက်ဖို့ စီစဉ်နေတယ်။” လို့ သူက ပြောပါတယ်။

နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေ ပိတ်ဆို့နေတာဖြစ်လို့ အောင်ကျော်ဟာ ပြည်ပနိုင်ငံတစ်ခုမှာ ပညာဆက်လက် သင်ကြားနိုင်ဖို့အတွက် ကြိုးစားနေတာပါ။

“NUG သွားနေတာက အွန်လိုင်းပေါ်ကပဲ သွားလို့ရတော့ သူတို့အနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်တာကို ကျွန်တော်တို့ နားလည်တယ်။ ဒါပေမဲ့ သူတို့သာ တကယ်မြေပြင်ပေါ်မှာ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် သူတို့ရဲ့ NUG ပညာရေး စနစ်က အရမ်းတိုးတက်သွားလောက်တယ်။ ကျွန်တော်အဲ့လိုတော့ တွက်ဆမိတယ်။ ဒါပေမဲ့ အခုက သူတို့က လေထဲမှာပဲ ဖြစ်နေတဲ့အတွက် သူတို့ဟာ ထိထိရောက်ရောက် မဖြစ်သေးတာပေါ့။ အဲ့လိုပဲ မြင်ပါတယ်။” လို့ အောင်ကျော် က ပြောပါတယ်။

အာဏာသိမ်းတာကို လက်မခံတဲ့ CDM Student တချို့ကတော့ ဒီမိုကရေစီပြန်ရမှာ စာသင်ခန်းထဲကို ပြန်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ရာရာလက်နက်ကို ဆွဲပြီး တိုက်ပွဲဝင်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လက်ရှိအချိန်ထိ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း (၁ဝဝ) ဝန်းကျင် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက စီမံဘဏ္ဏာဝန်ကြီး ဦးတင်ထွန်းနိုင် က RFA မီဒီယာ ဖြေကြားခဲ့ပါတယ်။

အခုဘဏ္ဏာရေးနှစ်အတွင်းမှာ နောက်ထပ် ဒေါ်လာ သန်း (၂၅ဝ) ထပ်မံရရှိဖို့ ကိုလည်း မျှော်မှန်းထားတယ်လို့ သူက ပြောပါတယ်။

“တော်လှန်ရေးဖြစ်တဲ့အတွက် ဒီတော်လှန်ရေးရဲ့ အရေးကြီးဆုံးဆိုတဲ့ ကဏ္ဍဖြစ်တဲ့ ကာကွယ်ရေးကိုတော့ ကျွန်တော်တို့ အထူးအလေးပေးပြီး ဒီအသုံးစရိတ်တွေကို ပြန်ခွဲပါတယ်။ သို့သော် ဒီတော်လှန်ရေးအတွက် ကျန်တဲ့အသုံးစရိတ်တွေလည်း ရှိပါတယ်။ ဥပမာ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ကူညီကယ်ဆယ်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ နောက်တစ်ခုက တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးယန္တရားထူထောင်တဲ့ ကိစ္စရပ်တွေ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တရားစီရင်ရေးကိစ္စရပ်တွေ စသဖြင့်ပေါ့နော် အဲ့ဒါတွေအတွက်ကိုလည်း ကျွန်တော်တို့ မဖြစ်မနေ သုံးစွဲလျှက် ရှိပါတယ်။” လို့ သူက ပြောပြပါတယ်။

စစ်ကောင်စီလက်အောက်မှာ စာမသင်လိုတဲ့အတွက် တချို့သော ကျောင်းသူ၊ ကျောင်းသားတွေကတော့ ပညာရေးတစ်ဝက်တစ်ပျက်နဲ့ လုပ်ငန်းခွင်တွေထဲ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသူတွေ ရှိနေပြီ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို လက်မခံတဲ့ ကျောင်းသား၊ ကျောင်းသူ တချို့ဟာ စစ်ကောင်စီရဲ့ ပညာရေးကို တက်ရောက်သင်ကြားတာမျိုး မရှိသလို သူတို့ ယုံကြည်အားကိုးနေတဲ့ NUG အစိုးရရဲ့ ပညာရေးကလည်း အခုချိန်မှာ အပြည့်အ၀ အာမခံချက်မရှိတဲ့အတွက် ကစ်ကစ် လို လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေဟာ ပျောက်ဆုံးနေကြပါတယ်။

ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ အခွင့်ရှိခဲ့တဲ့ ကစ်ကစ် က သူရဲ့ အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး “ညီမကိုယ်တိုင်လည်း အခု ကြားကာလရောက်နေတဲ့အချိန်မှာ ပညာရေးကို အာရုံစိုက်ရမယ့်အစား စား၊ဝတ်၊နေရေး၊ အဓိက စိတ်ပူနေရတယ်။ စား၊ ဝတ်၊ နေရေးကို စိတ်ပူနေရတာ တစ်ခုနဲ့တင် ပညာရေးက ရှေ့မတက်တော့ဘူး။ အဲ့လိုဟာမျိုးက ညီမတစ်ယောက်ထဲ ဖြစ်မှာ မဟုတ်ပါဘူး။ လူငယ်တွေ တော်တော်များများ ကြုံတွေ့နေရမယ်လို့ ထင်ပါတယ်။”

ချယ်ရီ