Spread the love

ရန်ကုန်၊ဇန်နဝါရီ(၁၅)

မြို့ပြဒေသတွေမှာ အချိန်မရွေး နေရာမရွေး စစ်တပ်ရဲ့ ကင်း၊ဂိတ်စခန်းတွေနဲ့ ရပ်ကွက်ထဲ စာရင်းကောက်တဲ့ နေရာတွေမှာပါ တိုက်ပွဲငယ်တွေ ဖြစ်လာနိုင်လို့ ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မြို့ပြ UG အဖွဲ့တွေက သတိပေးထားပါတယ်။

“မြို့ပြ အထူးသတိထားပါတော့၊ အချိန်မရွေး နေရာမရွေးအုံးနိုင်ပါတယ်။စစ်ခွေးတွေ အနီးရှောင်ပါ။ နှစ်ဦးနှစ်ဖက် လူ့ဖက်နဲ့ ခွေးဖက် အထိအခိုက်များတော့မယ့် ကာလရှည်ဖြစ်တယ်။ စစ်ခွေးအခြေစိုက်စခန်းတွေ ကင်းတွေ ဂိတ်တွေတင်သာမက ရပ်ကွက်ထဲ စာရင်းကောက်တဲ့ နေရာတွေမှာပါ တိုက်ပွဲငယ်များ ဖြစ်နိုင်ခြေရှိပါတယ်။ ယူဂျီတွေလည်း အတော်အနေရကြပ်နေတော့ ရှိတာနဲ့ အုံးပြီး ဟန့်တားတော့မယ့် အခြေအနေပါ။ တော်လှန်ရေး အစောပိုင်းကာလမှာထဲက သင်တန်းဆင်းပြီး မြို့ပြကိုဝင်ခဲ့တဲ့ အခြေကျနေတဲ့ ယူဂျီများအနေနဲ့ ပြသာနာကို အလွယ်တစ်ကူ ကျော်လွှားနိုင်ခြေရှိပေမယ့်၊ မစ်ရှင်ဆွဲဖို့ မြို့ပြကို ယခုမှထိုးဖောက်ဝင်ရောက်လာတဲ့ ညီနောင်များ စစ်ခွေးနဲ့ ထိပ်တိုက်တွေ့နိုင်ခြေ အရမ်းများပါတယ်” လို့ Urban Guerrilla YPDF အဖွဲ့က လူမှုကွန်ယက်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီလ (၉) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ လူဦးရေနှင့်သန်းခေါင်းစာရင်းတွေ ကောက်ယူနေတာဟာ ရွေးကောက်ပွဲအတွက် တစ်ခုထဲ မဟုတ်ဘဲ PDF တွေကို ဖော်ထုတ်ပြီး သတင်းရယူစုဆောင်းဖို့ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်းအဝေး သူက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေချိန် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်မှာ ဇန်နဝါရီလ (၁၃) ရက်၊ မနက် (၁ဝ) နာရီအချိန်မှာ Sniper နဲ့ ပစ်ခတ်ခံရလို့ ရဲဒုတိယတပ်ကြပ် ဇင်မင်းသူ သေဆုံးခဲ့သလို လူဦးရေစာရင်း ကွင်းဆင်းကောက်ယူတဲ့ ပထမဆုံးနေ့ (ဇန်နဝါရီလ ၉ ရက်)နေ့မှာလည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ လုံခြုံရေးလိုက်ပါ ဆောင်ရွက်နေတဲ့ မောင်းမကန်ရဲတပ်ဖွဲ့က ဒုရဲအုပ်သိန်းထိုက် အနီးကပ်ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။