Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၄)

တော်လှန်ရေးမှာ အဆင့်တိုင်းက အက္ခရာဖြစ်သလို စိတ်ဓာတ်စစ်ဆင်ရေး အားကောင်းနေသရွေ့ တော်လှန်ရေးက ပိုမိုကြွတက်လာမှာ ဖြစ်တယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က တိုက်တွန်းပြောကြားခဲ့ပါတယ်။

“အထူးသဖြင့် ပြန်ကြားရေးကဏ္ဍသည် လွန်စွာ အရေးကြီးပြီး အသွားနှစ်ဖက်ပါသည့် ဓါးကဲ့သို့ သတိထားပြီး ကိုင်တွယ်ကြရ မည်ဖြစ်ကြောင်း၊ သတင်းတင်ဆက်မှု၌ မူဝါဒများ၊ လုံခြုံရေးပိုင်း ဆိုင်ရာများကို အထူးသတိထား ဂရုစိုက်ရန်လိုအပ်ကြောင်း၊ သတင်းပိုင်းဆိုင်ရာသည် စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပတ်သက်သဖြင့် အင်မတန် အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်” တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းနှင့်ပြန်ကြားရေး သင်တန်းမှာ အခုလို ပြောဆိုလိုက်တာပါ။

အခုနှစ်ကို နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်ပေးမယ့် ကာလဖြစ်လို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ရသင့်တဲ့ အချိန်ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ နောက်နှစ် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်တဲ့ အချိန်ရောက်ရင် ပြည်သူလူထုအတွက် ဘယ်လို ပန်းတိုင်မျိုးကို ရောင်အောင် ဦးဆောင်ကြမှာလဲဆိုတာ ကြိုတင်စဉ်းစားထားဖို့ လိုတယ်လို့ ဒီနေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“အခုလည်း နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေး ပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ် ရှိနေတာကို တွေ့ရပါတယ်။ ခုခံတော်လှန်စစ်မှာ ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကျွန်တော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးပါတယ်။” ထောက်ပြလိုက်ပါတယ်။