ရန်ကုန်၊ ဇန်နဝါရီ (၂၆)
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိရောက်မှုရှိတဲ့ အရေးယူမှုတွေကို အချိန်နဲ့ တပြေးညီ ချမှတ်ပေးဖို့လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။
အခုအချိန်ဟာ ကုလသမဂ္ဂ အနေနဲ့ R2P ရဲ့ အခြေခံမူ သဘောတရားကို စွဲကိုင်ကာ မြန်မာအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိစေဖို့နဲ့ ပြစ်ဒဏ်ခတ်ခြင်း မခံရတဲ့ ယန္တရားကို အပြီးတိုင် ရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂ ရဲ့ အသံတစ်သံထဲထွက်ပြီး စုပေါင်းအင်အားနဲ့ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဟာ နယူးမြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ဇန်နဝါရီ (၂၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“မြန်မာပြည်သူ ပြည်သားများမှ ကုလသမဂ္ဂအား မြန်မာနိုင်ငံအတွက် R2P မူ ကို အသုံးပြု၍ ကူညီပေးရေးနှင့် No- Fly Zone သတ်မှတ်ပေးရေး ကနဦး တောင်းဆိုမှုများမှာ ရလဒ်ဖြစ်ထွန်းခဲ့ခြင်း မရှိ” ဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တာတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ က မှန်မှန် ကန်ကန် ထောက်ပြခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန ရဲ့ အခုနှစ်ဆန်းပိုင်း ဖော်ပြချက်အရ သိရပါတယ်။