Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၈)

တချို့နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံအနေနဲ့ အကြပ်အတည်း ဖြစ်စေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

“နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် အချို့သောနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများနှင့် ဝေဖန် ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် အကြပ်အတည်းများ ရှိခဲ့ ကြောင်း၊ မိမိတို့နိုင်ငံသည် ယခင်ကတည်းက ကြားနေနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာ နှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့” တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

“ယခုအချိန်အထိ လွတ်လပ်၍ တတ်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိ ကြောင်း၊ ပြည်ပနိုင်ငံများ၏ မိမိတို့နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထားများ ကွဲလွဲမှုနှင့် အချို့နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိ” တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိရောက်မှုရှိတဲ့ အရေးယူမှုတွေကို အချိန်နဲ့ တပြေးညီ ချမှတ်ပေးဖို့လိုတယ်လို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အခုအချိန်ဟာ ကုလသမဂ္ဂ အနေနဲ့ R2P ရဲ့ အခြေခံမူ သဘောတရားကို စွဲကိုင်ကာ မြန်မာအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုရှိစေဖို့နဲ့ ပြစ်ဒဏ်ခတ်ခြင်း မခံရတဲ့ ယန္တရားကို အပြီးတိုင် ရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂ ရဲ့ အသံတစ်သံထဲထွက်ပြီး စုပေါင်းအင်အားနဲ့ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ နယူးမြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ဇန်နဝါရီ (၂၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။