Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၈)

စစ်ကောင်စီက ဦးစီးကျင်းပမယ့် အတုယောင် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူပေးနေတဲ့ ရာအိမ်မှူး ညီဂျော်(ခ)ဦးထွန်းထွန်းနိုင် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ အိုင်းကုန်းကျေးရွာက ရာအိမ်မှူး ဦးထွန်းထွန်းနိုင် ကို မနေ့ ညပိုင်းက ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ မြို့ပြပျောက်ကြားအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းပေးတစ်ဦးဖြစ်တဲ့ ရာအိမ်မှူး ထွန်းထွန်းနိုင် ဟာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူပေးနေတာ ဖြစ်လို့ အခုလိုရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူပေးနေသူတွေကို ပြင်းပြင်းထန်ထန် တရားစွဲဆိုသွားမယ်လို့ သတိပေးထားပါတယ်။

“တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက် ဖက်စစ်စစ်အုပ်စု၏ အုပ်ချုပ် ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွား” မယ်လို့ ပြောပါတယ်။