Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂)

တော်လှန်ရေးကာလမှာ အားလုံး အမြင်မတူတာတွေကို မြန်မြန်ဆန်ဆန် ညှိနှိုင်းရင်း ရှေ့ဆက်နိုင်ကြဖို့တော့ အင်မတန် အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေး ပြောကြားလိုက်ပါတယ်။

“ဘာကြောင့်လဲ ဆိုရင် တော်လှန်ရေးဟာ နေ့စဉ်နဲ့အမျှ အသက်တွေ ဘဝတွေ ရင်းနေရတာကြောင့် ဖြစ်ပါတယ်။ လမ်းပြမြေပုံကို တဆင့်ချင်းသွားနေတဲ့ တော်လှန်ရေးခရီးမှာ အင်အားစုတွေကြားက သဘောတူညီမှုတွေ မြန်မြန်ရအောင် တိုက်တွန်းလိုပါတယ်။ လမ်းပြမြေပုံရဲ့ အဆင့် ၈ အနေနဲ့ Transitional Constitution ရေးဆွဲရေးကို လုပ်ဆောင်နေကြပြီမို့ မြန်မြန်ဆန်ဆန် ညှိနှိုင်းတိုင်ပင်ရေးဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

ဇန်နဝါရီ (၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ပြောကြားခဲ့တာပါ။

“၂၀၂၃ ခုနှစ်ကို တော်လှန်ရေးရဲ့ ပြည်သူ့အောင်ပွဲ အဆုံးအဖြတ်နှစ် ဖြစ်စေဖို့ အစိုးရအနေနဲ့ မဟာမိတ်အစုအဖွဲ့အသီးသီးနဲ့ လက်တွဲပြီး နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး ၊ နိုင်ငံခြားရေး ၊ စိတ်ဓာတ်စစ်ဆင်ရေး နဲ့ လူထုဆက်ဆံရေး ၊ အုပ်ချုပ်ရေး ဒီကဏ္ဍ ၆ ခုအတွက် One Year Plan ချမှတ်ကာ အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်နေ” တယ်လို့ အသိပေး ပြောကြားခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်ကောင်စီ က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၂၅) အရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကစတင်ကာ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်ပြီ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။