Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)

နိုင်ငံရေးဟာ ယေဘုယျ ရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရသလို တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးဖို့ လိုနေပြီလို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။

အခုဆို နွေဦးတော်လှန်ရေးဟာ (၂) နှစ်ပြည့်ပြီးလို့ (၃) နှစ်တာ ကာလထဲကို ဝင်ရောက်လာပြီဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့ တိကျတဲ့ နိုင်ငံရေးရလဒ်တွေ ထွက်အောင် ကြိုးစားကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

“လူထုကို ခေါင်းဆောင်တဲ့သူတွေဟာ တော်ရုံ ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ရပ်တန့်နေလို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးအမြော်အမြင် စူးရှထက်သန်မှုမှာလည်း လက်နက်ကိုင်တော်လှန်ရေး တပ်ကို ဦးဆောင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ဖြစ်အောင် တည်ဆောက်ထားရပါလိမ့်မယ်။ ဒါမှသာလျှင် နိုင်ငံရေးအရ တပ်ဦးမှာ ခေါင်းဆောင်မှုကို အထင်အရှား ပြနိုင်ပါလိမ့်မယ်။” လို့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း “အမျိုးသားညီညွတ်ရေးအစိုးရအတွင်း စုစုစည်းစည်းနဲ့ ပိုမိုပေါင်းစပ်လုပ်ဆောင်မှုတွေနဲ့ အားဖြည့်ဖို့ လိုအပ်သလို တော်လှန်ရေး ဦးဆောင်အဖွဲ့များ အားလုံးနဲ့လည်း ပိုမို လက်တွဲ လုပ်ဆောင်နိုင်မှုတွေအတွက် ကြိုးပမ်းအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဖက်ဒရယ်ခရီးဟာ နီးတယ် မဆိုနိုင်ပေမယ့် မဝေးတော့ တာ သေချာနေပြီဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ယုံကြည်မှုတည်ဆောက်ရေး ခက်ခဲခဲ့ကြတဲ့ အစုအဖွဲ့ အသီးသီးဟာ အခုလို ရက်စက်ယုတ်မာလွန်းတဲ့ ဘုံရန်သူနဲ့ ကြုံတွေ့ကြရတဲ့အခါ ပိုမို နားလည်လာကြတယ်၊ စာနာလာကြတယ်၊ ဘုံပန်းတိုင်ကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာကြတယ်လို့” ပြောပါတယ်။