Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၁၆)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်(တောင်)ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ(ခ)ပေါပီ မနေ့(ဖေဖော်ဝါရီ၁၅) မနက်ပိုင်းက သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ကမနက်(၇)နာရီလောက်က အပစ်ခံရတာ၊ ငွေလျံလက်ဖက်ရည်ဆိုင်ရှေ့မှာ အပစ်ခံရတာ၊ ပွဲချင်းပြီးသေတယ်၊ သူကဒီအရပ်က ပြည်သူ့စစ်ခေါင်းဆောင်၊ အခုမဲစာရင်းကောက်နေတဲ့ ကိစ္စမှာ အဓိကလိုက်ပြီးလုပ်နေတဲ့လူ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပစ်ခတ်ခံရတဲ့ ဦးမြင့်ရီ(ခ)ပေါပီ ဟာ ရင်းငြိမ်ရဲစခန်းမှာ ညတိုင်းကင်းစောင့်နေသူဖြစ်ပြီး နေ့ပိုင်းမှာ ပျူစောထီးအဖွဲ့ကို စစ်သင်တန်းပေးနေတဲ့လူဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) က ပစ်ခတ်အပြီးမှာ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီအဖွဲ့ရဲ့ စစ်ကြောင်းနဲ့ စစ်ခန်းတွေကို တိုက်ခိုက်နေသလို အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူတွေ၊ စစ်ကောင်စီဒေါက်တိုင်တွေနဲ့ သတင်းပေးဒလန်ဆိုသူတွေကို ပစ်ခတ်ရှင်းနေတာ ဖြစ်ပါတယ်။