Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၇)

လက်တွေ့မြေပြင်မှာ နေရာဒေသတစ်ခုနဲ့ တစ်ခုဟာ ထပ်တူမကျနေလို့ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး အခုလိုတော်လှန်ရေးကာလမှာ သူ့အရပ်နဲ့ သူ့ဇာတ် လုပ်သာကိုင်သာရှိစေရမယ့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဆိုတာ နယ်မြေစိုးမိုးမှုနဲ့ တိုက်ရိုက်အချိုးကျလို့ နယ်မြေစိုးမိုးနိုင်မှု၊ တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နိုင်မှုတွေကိုလည်း ပိုတိုးပြီး ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အခြေအနေကို သူတို့ထိန်းချုပ်လို့ မရတော့မှန်း သိလာတဲ့အခါ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနဲ့ တိုင်းပြည်ကို ကစဉ့်ကလျားဖြစ်အောင် လက်နက်ခဲ ယမ်းကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်ပြီး ပြည်သူများအကြားမှာ စိတ်နှလုံး မငြိမ်းချမ်းရအောင် ပိုပြီးဆောင်ရွက်လာတာကို တွေ့” မြင်နေရတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ သူက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် စစ်ကောင်စီဟာ သူတို့နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ ဒေသတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဖက်တရားစီရင်ရေးကို ပြဌာန်းတယ်လို့ပြောပြီး ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ၊ ရက်စက်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပြည်သူ့အင်အားကို ချိ့နဲ့အားနည်းအောင် ပိုတိုးပြီး လုပ်ဆောင်လာမှာ ဖြစ်တယ်လို့ သူက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် က လက်ရှိအခြေအနေမှာ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့တာဟာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒါပေမဲ့လည်း နှစ်နှစ်တာ ကာလလုံးဖြစ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုတွေဟာ သိသိသာသာ လျော့နည်း ကျဆင်းသွားတာ မရှိသေးပါဘူး” လို့ (၇၇) နှစ်မြောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။