Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈)

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင် က ပြောပါတယ်။

“စီမံချက်မြို့နယ် များတွင်လည်း လမ်းပေါ်နေကလေးများရဲ့ အချက်အလက် ဆန်းစစ်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် လမ်းပေါ်နေကလေးများရဲ့ သဘောသဘာဝနဲ့ လမ်းပေါ်နေ ကလေးဖြစ်ရခြင်း အကြောင်းရင်းများကို ထပ်မံလေ့လာ၍ လက်တွေ့မြေပြင်အတွေ့အကြုံများအရ အသိပညာပေးခြင်း၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်း၊ သက်မွေးပညာ၊ အတန်းပညာနဲ့ ကျောင်းပြင်ပ ပညာရေးပံ့ပိုးမှု၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတို့ရဲ့ ပါဝင်ဆောင်ရွက်မှု စတဲ့အခန်းကဏ္ဍများ အလိုက်အရေးပါတဲ့ အစိတ်အပိုင်းများကို ဦးစားပေး နယ်ပယ်သတ်မှတ်ပြီး ဆက်လက် ဆောင်ရွက်သွား” မှာ ဖြစ်တယ်လို့ မနေ့က ဒေါက်တာ သက်သက်ခိုင် က ပြောခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစီမံချက်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အချိန်ကာလ ၁ နှစ်ခွဲ သတ်မှတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

“လမ်းပေါ်နေကလေးဖြစ်ရခြင်း၏ အဓိက အခြေခံအကြောင်းအရင်းတစ်ရပ်မှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်ပြီး ပြဿနာ၏ဇစ်မြစ်ကို သိသော်လည်း လက်တွေ့ရင်ဆိုင်ဖြေရှင်းရာတွင် ကလေးနှင့်မိသားစုများ၏နောက်ခံအကြောင်း အရင်း၊ ပတ်ဝန်းကျင်အခြေအနေ၊ ၎င်းတို့ရဲ့ဘဝခံယူချက်၊ လူ့အဖွဲ့အစည်း၏ အမြင်သဘောထား၊ တုံ့ပြန်ဆက်ဆံမှုစသည့်မြင်သာပြီး ဖြေရှင်းရန်ခက်ခဲသည့် လူမှု-ယဉ်ကျေးမှု အခြေအနေတွေ အပေါ်မှာ မူတည်နေ” တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေပေမယ့် တစ်ဖက်မှာလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် သေဆုံးရတဲ့ ကလေးငယ်ရာကျော် ရှိနေပြီ ဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးရတဲ့ ကလေးငယ် (၁၆၅) ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး က ပြောပါတယ်။

အာဏာသိမ်းတဲ့ မနှစ် ၂၀၂၁ ခုနှစ်ကထက်စာရင် ၂၀၂၂ ခုနှစ် အရေအတွက်ဟာ သေဆုံးမှုနှုန်း ၇၈ ရာခိုင်နှုန်း တက်သွားတာ ဖြစ်တယ်လို့ NUG ရဲ့ တရားဝင်ဖော်ပြချက်အရ သိရပါတယ်။