Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈)

အထူးတရားရုံးတွေမှာ စစ်ကောင်စီအဖွဲ့ကို တရားစွဲဆိုနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက အမှုတွဲတွေ တင်ပြပြီး စတင်စစ်ဆေးစီရင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကို တရားစွဲဖို့ ပြင်ဆင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်း process တွေ၊ အဆင်ပြေတာတွေ၊ အဆင်မပြေတာတွေ တိုင်ပင် ဆွေးနွေးပေးကြပါလို့ မနေ့က NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“တရားရေးကိစ္စတွေ ဆောင်ရွက်ရတာ တခြားကိစ္စတွေထက် ပိုမိုစဉ်းစားရခက်တာတွေ ရှိပါတယ်။ တချို့ကိစ္စတွေက တော်လှန်ရေးကာလမို့ အဆင်ပြေသလို စီမံလို့ ဖြစ်နိုင်ပေမယ့် တရားရေးကိစ္စမှာတော့ အဆင်ပြေသလို လုပ်လို့ အဆင်မပြေနိုင်တာ ရှိသလို တစ်ဖက်ကလည်း တော်လှန်ရေးကာလမို့ ကိစ္စတိုင်း အသေးစိတ်တွေ သွားဖို့ ခက်ခဲတဲ့အပိုင်းလည်း ရှိနေ” တယ်လို့ သူက ပြောပါတယ်။

အယူခံတရားရုံးဖွဲ့စည်းရာမှာ တရားသူကြီးဦးရေ ခန့်အပ်နိုင်ဖို့ ကိစ္စကိုလည်း လာမယ့် အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုပေးသွားမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင် ရဲ့ ထိန်းချုပ်မှုအောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ အမှုပေါင်း (၁၀၅၈) မှု ကို ကျူးလွန်ခဲ့ပါတယ်။