Spread the love

“စားသောက်ရတာတော့ လောလောဆယ်တော့ အဆင်ပြေပါသေးတယ်။ အရေးပေါ်အတွက်ဆိုပြီး တစ်အိမ်ထောင် တစ်ပြည်နှုန်းနဲ့ လာဝေပေးတာတွေ ရှိတဲ့အခါကြတော့ လောလောဆယ်တော့ တစ်ရက်၊ နှစ်ရက်စာတော့ တောင့်ခံနိုင်ပါသေးတယ်”လို့ မွေးရပ်မြေကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ကိုမာတေး က ပြောပါတယ်။

သူဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှာ တိမ်းရှောင် နေထိုင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲတွေ ဖြစ်နေလို့ ကိုမာတေး တို့လို ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ၊ ထွက်ပြေးနေရသူ ၁ ဒဿမ ၁ သန်းကျော် ရှိနေပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး က တရားဝင် ဖော်ပြထားပါတယ်။

ဓာတ်ပုံ- Getty Image

ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ

“ကျန်းမာရေးကတော့ ဒီဘက်မှာတော့ အများအားဖြင့်ပေါ့။ ကလေးအခန်းကဏ္ဍာ ကလေး ကျန်းမာရေးပိုင်းမှာတော့ စုံဆို့၊ ကြက်ညှာ ဒါက မလွဲမသွေ မရှောင်လို့ မရတဲ့ရောဂါတစ်ခုပေါ့။ သန့်ရှင်းမှုပိုင်းမှာလည်း တချို့ဟာက ရှားပါးမှု ရှိနေတော့ မသန့်ရှင်းတာတွေလည်း သုံးရတာ အခြေအနေမျိုးတွေကလည်း ရှိနေတော့ အဓိကကတော့ ဝမ်းပျက်ဝမ်းလျော အခန်းကဏ္ဍာမှာ များတာပေါ့။ ပြဿနာအဖြစ် များတာပေါ့”လို့ ကိုမာတေး က ပြောပါတယ်။

ခိုလှုံနေထိုင်နေရတဲ့ စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု (၅၀) ကျော်နဲ့ လူဦးရေ (၂၀၀) ကျော် ရှိနေပါတယ်။

“ဆေးဝါးတွေဆိုရင်လည်း တချို့သော အိမ်ထောင်စုများတဲ့ မိသားစုဆိုရင် ကျန်းမာနေပြီဆိုရင် တခြားအိမ်ထောင်စုကို နည်းနည်းချန်ထားပေးတယ်။ ကူပေးတာတယ်။ ဆေးယူစားကြတာမျိုးတွေ လောလောဆယ် အဲ့လိုပဲ သံသရာလည်နေတယ်ပေါ့။ အဲ့လိုအခြေအနေမှာ ပြန်လာပို့မှပဲ ပြန်စားမယ်ဆိုတာမျိုးတွေ ဖြစ်နေတာပေါ့။ ပိုလျှံလုံလောက်မှု ရှိတယ်ဆိုတာ မရှိဘူး ကျွန်တော်တို့ဘက်မှာက အမြဲတမ်းလိုအပ်နေတယ်။ ဖြစ်တာပေါ့။ နောက်တစ်ခုက ဆေးဝါးလှောင်ထားမှုတွေကလည်း တစ်ခုခုဖြစ်ရင် ဆေးဝါးတွေကလည်း မရှိတဲ့အခါကြတော့ ဆေးရုံလည်း မရှိတဲ့အခါကြတော့ အဝေးကြီးကို သွားပြရတာမျိုးတွေကို ခဏခဏကြုံရတယ်ပေါ့။ အဲ့လိုမျိုးဖြစ်တာပေါ့”လို့ သူက ပြောပြပါတယ်။

အာဏာသိမ်းမှု ဖြစ်စဉ် မဖြစ်ခင်က တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ လူဦးရေ ၁ ဒသမ ၂ သန်းကျော် ရှိပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စုစုပေါင်း ၁ ဒဿမ ၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကိုဖိုးချစ် ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ တိမ်းရှောင်နေထိုင် နေရတာပါ။

“အခုနောက်ပိုင်း အဝတ်အထည်တော့ မရောက်ဘူး ခင်ဗျ။ စားသောက်ကုန်လည်း တစ်ခါတစ်ရံတော့ လာလှူကြပါတယ်။ ကျွန်တော်တို့ ရွာမှာလည်း ပြန်ပြီး လုပ်ကိုင်စားသောက်ဖို့က အဆင်မပြေတော့။ ရေရှည်အတွက်တော့ မလွယ်ပါဘူးခင်ဗျ။ ကျွန်တော်တို့ အခုလိုအပ်နေတာက စားသောက်ကုန်ထဲက ဆန်၊ ဆီ၊ ဆားပေါ့ဗျာ။ စားဝတ်နေရေးအတွက် အဓိက ပြည့်စုံမယ့်ဟာလေး လိုအပ်တာပါပဲ။ အဝတ်အထည်ဆိုတာက နေလို့ရပါသေးတယ်။ နောက်ပိုင်း ပူတဲ့ ရာသီဥတုကို ရောက်တော့မှာဆိုတော့။ ဆေးဝါးကတော့ မရှိမဖြစ် လိုအပ်ပါတယ်ခင်ဗျ။ စားဖို့ သောက်ဖို့အတွက်က အဓိက ကျနေတာပေါ့ဗျာ” လို့ သူက ပြောပါတယ်။

သူတို့ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု (၁၂၀) ကျော်နဲ့ လူဦးရေ စုစုပေါင်း (၅၀၀) နီးပါး ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုက်ပွဲပေါင်း (၆၆၀၀) ကျော် ဖြစ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ISP – Myanmar က ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ တိုက်ပွဲအများဆုံးဖြစ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ဒုတိယတိုက်ပွဲ အများဆုံး ဖြစ်နေပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံး ဖြစ်သလို ဒုတိယအများဆုံး ဒေသကတော့ မကွေးတိုင်းဒေသကြီး ဖြစ်ပါတယ်။

ဓာတ်ပုံ- Getty Image

ဘာတွေဆက်ဖြစ်နေလဲ

အာဏာသိမ်းပြီးနောက် (၁၈) လအတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲ စုစုပေါင်း (၃၉၀၀) ကျော် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တိုက်ပွဲ စုစုပေါင်း (၆၄၀) ကျော် ဖြစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ကယား၊ ရှမ်း၊ မွန်၊ ကချင် နဲ့ ရှမ်းပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၅) သိန်း ကျော်ရှိနေသလို ကယား၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်ပြည်နယ်၊ မကွေး နဲ့ မန္တလေးတိုင်းဒေသကြီးမှာလည်း စစ်ဘေးရှောင်ပြည်သူတွေ ရှိနေပါတယ်။

စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို လုံခြုံရေးကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသွားအလာ ကန့်သတ်ထားတာတွေ ရှိနေပါတယ်။

အသွားအလာ ကန့်သတ်ချက်တွေကြောင့် အကူအညီပေးရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးဖို့ အဟန့်အတားတွေ ရှိနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ပိတ်ပင် တားဆီးမှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေကို အပြည့်အ၀ မရှိတဲ့ တိုက်ပွဲရှောင်စခန်းတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ ယာယီရွှေ့ပြောင်း အခြေချစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ရသူတွေရဲ့ အခြေအနေဟာ ပိုပြီးဆိုးဝါးလာတယ်လို့ ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့တစ်ခုဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံးက ထောက်ပြ ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာ‌ထောက်ထားရေးနှင့်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မတရား စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ရှိနေလို့ စစ်ဘေးရှောင်ပြည်သူတွေ ရှိနေဆဲဖြစ်တဲ့ တချို့နေရာတွေမှာ လိုအပ်ချက်တွေ များပြားရှိနေတယ်လို့ ပြောပါတယ်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ပြုလုပ်ခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ (၂၉) ရက်နေ့ အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ တစ်နှစ်မဟာဗျူဟာဖြစ်တဲ့ တော်လှန်‌ရေး ဆောင်ရွက်ရာမှာ အရပ်သားထိခိုက်မှုလျော့‌နည်းဖို့၊ လေကြောင်းရန်ကာကွယ်ဖို့ နဲ့ အရံရိက္ခာဖူလုံဖို့ဆိုတဲ့ အရေးကြီးတဲ့ ခေါင်းစဉ် တွေကို ဆောင်ရွက်နေတယ်လို့ သူက ပြောပြပါတယ်။

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဖြစ်နေလို့ နေ့စဉ် အရပ်သားတွေ သေဆုံးနေသလို အရပ်သားတွေရဲ့ အိုးအိမ်တွေအပြင် ပြည်သူပိုင်ပစ္စည်းတွေ မီးရှို့ဖျက်ဆီး ခံရတာတွေလည်း ဆက်ဖြစ်နေပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကလည်း လစဉ် တိုးလာပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး တိုက်ပွဲမပြီးမခြင်း “ကျွန်တော်တို့ဘက်မှာတော့ ကျွန်တော်ထင်ပါတယ်။ ဒီအရေးအခင်း မပြီးမခြင်းတော့ ပြန်လို့တော့ အဆင်မပြေတဲ့ အခြေအနေမျိုးမှာ ဖြစ်နေတယ်ပေါ့။ ဒီဘက်မှာ စစ်ရှောင်နေတဲ့ အိမ်ထောင်စုတွေအားလုံးက လုံးဝကို နေရပ်ဒေသကို ပြန်လို့မရသေးတဲ့ စစ်ရှောင်တွေများတာပေါ့။ အဲ့ဒါကြောင့်မို့ ဒီအရေးအခင်း မပြီးမချင်းတော့ ပြန်လို့ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာလေးပေါ့။ အိမ်ပြန်ဖို့က မမျှော်လင့်ရဲဘူး ဖြစ်နေတယ်။ ဒီတော်လှန်ရေး ဘယ်အချိန်မှ ပြီးမလဲဆိုတာကိုပေါ့ အဲ့ဒါလေးတော့ရှိနေတယ်ပေါ့” ကိုမာတေး က ပြောပါတယ်။

တစ်ကမ္ဘာလုံးအတိုင်း အတာအနေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ လူဦးရေ သန်း ၁၀၀ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ လူဦးရေ သန်း ၁၀၀ ထဲမှာ မြန်မာက နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။

ကိုနိုင်