Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၁)

နိုင်ငံတကာမီဒီယာတွေနဲ့ အသိုင်းအဝိုင်းတွေအနေနဲ့ စစ်တပ်ရဲ့ ရက်စက် ယုတ်မာမှုတွေကို မပြတ်မီးမောင်းထိုးပြကာ ဒီနေ့ကမ္ဘာကြီးမှာ စစ်ရာဇဝတ်ကောင်တွေအတွက် နေရာမရှိတော့ဘူးဆိုတာ သိအောင်ပြဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံးတွေ Universal Jurisdiction နဲ့ အာဏာသိမ်း စစ်ကောင်စီကို တရားစွဲစီရင်နိုင်ဖို့ အားထုတ်ကြရမှာ ဖြစ်တယ်လို့ ဒီနေ့မှာ သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“စစ်ကောင်စီဟာ သူတို့ နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ ဒေသတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဖက်တရားစီရင်ရေးကို ပြဌာန်းတယ်လို့ပြောပြီး ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ၊ ရက်စက်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပြည်သူ့အင်အားကို ချိ့နဲ့အားနည်းအောင် ပိုတိုးပြီး လုပ်ဆောင်လာမှာ” ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီကို အမြစ်ကစ ဖြိုချနိုင်ဖို့ ကြိုးစားနေသလို တစ်ဖက်မှာလည်း
တော်လှန်ရေး အလွန်ကာလမှာ ဖြစ်လာမယ့် ဖက်ဒရယ်နိုင်ငံတော်ကြီးအတွက် တိုင်ပင်ကြရင်း၊ ဆွေးနွေးကြရင်း အကောင်းဆုံး အဖြေကို ရှာနေရမယ့်အချိန်ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က “ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်မှုကို မလိုလားတဲ့ ဩဇာခံဖြစ်အောင် အဓမ္မလုပ်ချင်ကြတဲ့ ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်သူအကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ပုဂ္ဂိုလ်ရေးနဲ့အဖွဲ့ အစည်းအကျိုးစီးပွားကိုပဲ ရှေးရှုနေကြတဲ့ ပြည်တွင်းက သစ္စာဖောက် တွေနဲ့ ပြည်ပြေးတွေဟာ နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေးကို အရှိန်အဟုန်နဲ့ တိုးမြှင့် ဆောင်ရွက်နေဆဲ ဖြစ်တာကို အားလုံးအသိပင် ဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။