Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

အကြမ်းဖက်အုပ်စုဟာ သူတို့ သုံးနေကျ နည်းဗျူဟာအတိုင်း မိမိတို့တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား သွေးခွဲတာကို ဒီနေ့အထိ တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ သူက ထောက်ပြပါတယ်။

အခုကာလမှာ “ညီညွတ်မှုသည်သာ တော်လှန်ရေး အောင်မြင်ဖို့ အားတရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့အကြား ပိုမိုခိုင်မြဲတဲ့ ညီညွတ်မှု၊ စည်းလုံးမှုနှင့် လက်တွေ့ကျတဲ့ ပူးပေါင်းမှုများကို တည်ဆောက်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံးပြေလည်အောင် ဆက်ဆံလိုသလို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံရေးကတိကဝတ်တွေကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က လက်ရှိအခြေအနေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့တာဟာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမယ့် နှစ်နှစ်တာ ကာလလုံးဖြစ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုတွေဟာ သိသိသာသာ လျော့နည်း ကျဆင်းသွားတာ မရှိသေးပါဘူး” လို့ သူက ဝန်ခံပြောဆိုခဲ့တာပါ။