Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာရဲစခန်းနဲ့ စပါးတွင်းကျေးရွာ၊ သစ်ကျင်းကြီးကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

“လွန်ခဲ့သည့် ၃ ရက်အတွင်း၌ အရာတော်မြို့နယ် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းအကူဖြင့် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေ၍ ‌အရာတော်တောင်နယ်တွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိသလို ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ အင်အားနည်းပါးနေသည့် အခြားတပ်စခန်းနေရာများကိုလည်း ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို ဖေဖော်ဝါရီ (၂၃) ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက ဓားစာခံလုပ်ကာ ဖမ်းထားတဲ့ စပါးတွင်းကျေးရွာက ပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နောင်ကြီးအိုင်ကျေးရွာ ရဲစခန်း ကို ဖေဖော်ဝါရီ (၂၄) ရက် မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခိုက်ခဲ့သလို အမတ(၃၆၉)တပ်ရင်းအနီးက သစ်ကျင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးအဖွဲ့တွေရဲ့ စခန်းကိုလည်း ဖေဖော်ဝါရီ (၂၄) ရက် မနက်က တိုက်ခဲ့ကာ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က အရာရှိတစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။