Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇)

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ရက် (၆၀) အတွင်း စစ်ကောင်စီဘက်က အယောက် (၂၀) သေဆုံးခဲ့ကာ (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- ထန်တလန် က အသိပေးပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၂၉) ရက်နဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့တွေမှာ တိုက်ပွဲအတွင်းက စစ်ကောင်စီတပ်သားတွေကို ထောက်ပံ့ပေးဖို့ ရောက်ရှိလာတဲ့ ရဟတ်ယာဉ်နှစ်စီးကိုလည်း ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သူတို့က ပြောပြပါတယ်။

Tilim Operation ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၉) ရက် ညက စတင်ခဲ့တာဖြစ်ပြီး ရက် (၆၀) အတွင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- ထန်တလန် က ရဲဘော် (၄) ဦး နဲ့ ချင်းအမျိုးသားတပ်မတော် က ရဲဘော် (၂) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ မနားတမ်း တိုက်ခိုက်နေသလို လက်နက် ခဲယမ်းကအစ အလွန်အကျွံသုံးစွဲကာ တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်လို့ ထန်တလန်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နိုင်ဖွယ်ရှိလို့ ပြည်သူတွေအနေနဲ့ သတိထား သွားလာကြဖို့ကိုလည်း သူတို့အဖွဲ့က အသိပေးထားပါတယ်။

ဟားခါးမြို့၊ ရဲစခန်း က ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၅) ရက်နေ့က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ဟားခါး ဆီကို လာရောက် ခိုလှုံခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။