Spread the love

ရန်ကုန်၊ မတ် (၈)

စစ်တပ်က အာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခြေခံအခွင့်အရေးတွေကို အလွဲသုံးစားပြုခြင်းခံနေရသလို ချိုးဖောက်ခံနေရတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

“မြန်မာနိုင်ငံတွင် အမျိုးသမီးများအား လုပ်ပိုင်ခွင့် ပိုမိုပေးအပ်နိုင်ရေးနှင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးကို တိုးမြှင့်ရမည့်အစား လူမဆန်သောစစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ် မှုများ၏ အဓိက ပစ်မှတ်ထားခြင်းခံရသည့် အုပ်စုဖြစ်နေ” တယ်လို့ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ် (၆၇) ကြိမ်မြောက် Commission of the Status of Women (CSW67) အစည်းအဝေးမှာ သူတို့က အခုလို ထောက်ပြ ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းက သာမာန်အမျိုးသမီးတွေဟာ စားဝတ်နေရေးကို စိုးရိမ်နေရသလို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေဟာ စစ်တပ်က ဥပဒေမဲ့ ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ရုန်းကန် ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးနဲ့ မိန်းကလေးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြ ပြောကြားခဲ့ပါတယ်။

အခုတော်လှန်ရေး ကာလမှာသာမက ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကာလတွေမှာလည်း နည်းပညာ အသုံးပြုခွင့် အပါအဝင် ကျားမတန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့် ပိုမိုရရှိစေဖို့ကို သံန္နိဋ္ဌာန် ချမှတ်ထားတယ်လို့ သူတို့က ပြောပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း၊ အကြောင်းမှာ စစ်အာဏာရှင်ကို မုန်းတီးသောကြောင့် မဟုတ်ဘဲ စစ်အာဏာရှင်တွေက ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ပျက်သုဉ်းစေသောကြောင့်ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒီနေ့ မတ်လ (၈) ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာအတွင်းက အမျိုးသမီးတွေဟာ ဒီနေ့ထိ သူတို့ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံနေရဆဲ ဖြစ်ပါတယ်။