Spread the love

ရန်ကုန်၊ မတ် (၉)

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို နေ့စဉ်ရင်ဆိုင်ကြုံတွေနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ အသက်အိုးအိမ်ကို ကယ်တင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ အကူအညီ မရရှိဘူးလို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို လုံးဝဆန့်ကျင်ကြောင်း၊ ၎င်းတို့အနေဖြင့် စစ်တပ်၏ လက်အောက်တွင် နေထိုင်ပါက အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခံရမည်ဟု ကောင်းမွန်စွာ သိရှိနားလည်ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့၏ အသက်အိုးအိမ်များကို ကယ်တင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းထံမှ ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို တောင်းဆိုခဲ့ပြီးဖြစ် ကြောင်း၊ သို့သော် မြန်မာပြည်သူများ၏ တောင်းဆိုမှုမှာ ယနေ့တိုင် ရရှိခြင်းမရှိသေးကြောင်း၊” သူက ပြောပြပါတယ်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ (၇) ရက်နေ့က (၂၅) နှစ် တင်းတင်းပြည့်မြောက်သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးခေါင်းစဉ် ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာပါ။

“ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်နှင့် နီးစပ်ရာ လူ့အသိုက်အဝန်းများကို ခုခံကာကွယ်ပေးရန်၊ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရန်၊ လွတ်လပ်ခွင့်နှင့် အခြေခံလူ့အခွင့်အရေးကို ကာကွယ်ရန် အခြားသော ရွေးချယ်စရာ နည်းလမ်းမရှိတော့သည့် အခြေအနေတွင် လက်နက်ကိုင်ဆောင် လာရခြင်းဖြစ်” တယ်လို့ သူက ပြောပါတယ်။

စစ်တပ်ရဲ့ အခြေအမြစ်မရှိတဲ့ ကတိတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လိမ်လည်လှည့်ဖြားခြင်း မခံရအောင် သတိချပ်ဖို့ အရေးကြီးတယ်လို့ သူက သတိပေးပြောကြားခဲ့ပါတယ်။

အာဏာသိမ်းနောက် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ် စုစုပေါင်း (၄၈,၄၆၃) လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက် ဖော်ပြချက်အရ သိရပါတယ်။