Spread the love

ရန်ကုန်၊ မတ် (၁၄)

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်ကိုပဲ ထုတ်ယူလို့ရမယ့် ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ်ကိုတော့ မချိုးနှိမ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာ ပြောပါတယ်။

“ယခုရက် ၂ ပတ်အတွင်းဟာ အင်မတန် ကြောက်မက်ရွံ့ရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အပြစ်မဲ့ပြည်သူများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကို ကျွန်တော်တို့အားလုံး ရင်နာစွာ ကြားသိ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အသက်ပေးပြီး ကျဆုံးသွားသူများဟာ ကျွန်တော်တို့ တော်လှန်ရေးနှင့် တိုင်းပြည်အတွက် သူရဲကောင်းများဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ ပေးဆပ် အနစ်နာခံခဲ့မှုကို ကျွန်တော်တို့အနေဖြင့် အမြဲသတိရ ဂုဏ်ပြုနေပါမယ်။ ခင်ဗျားတို့ရဲ့ အသက်ကို အကြမ်းဖက်စစ်အုပ်စုတွေ ထုတ်ယူသွားပေမဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်တဲ့ စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ပါဘူး။” လို့ သူက ပြောပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုမတ်လ (၁၁) နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာ က ဘာသာရေးဆိုင်ရာအဆောက်အဦးနဲ့ လူနေအိမ်တွေ မီးရှို့ခံရတာ၊ သံဃာတော် (၃) ပါး အပါအဝင် ပြည်သူ (၁၉) ဦး ကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းတယ်လို့ ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ပြီး အောင်နိုင်မှုကို ရရှိမယ်လို့ မျှော်လင့်နေဟန်ရှိပါတယ်။ သူတို့သိထားရမှာက တိုင်းရင်းသားပြည်သူလူထု တရပ်လုံးဟာ စစ်အုပ်စုကို လုံးဝ မလိုလားတေ့ာဘူးဆိုတာ ကျွန်တော်တို့ အားလုံးအသိပင် ဖြစ်ပါတယ်။ အကြောက်တရားနဲ့ ပြည်သူများကို ဆက်လက်အုပ်ချုပ်လို့ မရတေ့ာပါဘူး။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ဒီအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးနှင့်အတူ ဆက်လက် တွန်းလှန်ကြ” မယ်လို့ သူက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းနောက် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ် စုစုပေါင်း (၄၈,၄၆၃) လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက် ဖော်ပြချက်အရ သိရပါတယ်။