Spread the love

ရန်ကုန်၊ မတ် (၁၅)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း ကာလတွေမှာ ပြည်သူတွေကို အညှိုးကြီးကြီး ဒုက္ခတွေ ပိုပေးလာတာ တွေ့ရလို့ ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်သမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ကတိပေး ပြောကြားလိုက်ပါတယ်။

“အာဏာသိမ်းပြီး ၂ နှစ်ကြာသည်အထိ လက်နက်ကို အသုံးပြုပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ညှင်းဆဲ သတ်ဖြတ်နှိပ်စက်နေတာတောင် တိုင်းပြည်ကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီတွေဟာ ဒီလတွေမှာ ပြည်သူကို အညှိုးကြီးကြီး ဒုက္ခတွေ ပိုပေးလာတာတွေ့ရပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့ အကာအကွယ်ပေးနိုင်သမျှ ကြိုးစားလုပ်ဆောင်သွားကြရမှာ ဖြစ်” တယ်လို့ သူက ပြောပါတယ်။

အာဏာာရှင်အဆက်ဆက် အသုံးပြုလာတဲ့ နည်းလမ်းတွေကို တော်လှန်ရေး အင်အားစုတွေသာမက ပြည်သူတွေအားလုံးလည်း သိထားပြီးသားဖြစ်လို့ စိတ်ပူပန်စရာ မရှိပေမယ့် တော်လှန်ရေးအင်အားစုတွေ အသွင်နဲ့ ဝင်ရောက်လှုံ့ဆော် သွေးခွဲမှုတွေကို သတိကြီးကြီး ထားရမှာ ဖြစ်တယ်လို့ သူက မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက သတိပေး ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အစိုးရအနေနဲ့ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး ပြည်သူကို အကာအကွယ် ပေးရမယ့် တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်ရင်း တစ်ဖက်ကလည်း နယ်မြေဒေသအလိုက် အုပ်ချုပ်ရေး ယန္တရားတွေကို ဖော်ဆောင်ပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မယ့် အစိုးရတစ်ရပ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြရတဲ့အခါ လူသားအရင်းအမြစ်၊ ဘဏ္ဍာငွေ အရင်းအမြစ် အခက်အခဲတွေ အများကြီး ရှိခဲ့” တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်တာခံရသူ စုစုပေါင်း (၁၆၄၇၀) ဦးရှိနေပြီး အဲ့ဒီထဲက (၅၀၅၅) ဦးဟာ အကျဉ်းထောင်တွေထဲမှာ ထောင်ဒဏ်ချမှတ်တာ ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရဲ့ မတ်လ (၁၃) ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းနောက် စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ် စုစုပေါင်း (၄၈,၄၆၃) လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက် ဖော်ပြချက်အရ သိရပါတယ်။