Spread the love

ရန်ကုန်၊မတ်(၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ခမရ (၃၄၂) တပ်ရင်းရှေ့မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးကျော်မိုးခိုင် ကို မနေ့(မတ်၁၅) ရက်ညပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ကည ကိုးနာရီကျော်လောက်မှာ အပစ်ခံရတာလို့ သိရတယ်၊ သူက( ဦးကျော်မိုးခိုင်) က ပျူစောထီးအဖွဲ့ဝင် ဟုတ်တယ်၊ မှတ်ပုံတင်ပွဲစားလည်း လုပ်တယ်၊ မှတ်ပုံတင်ရုံးမှာ ပွဲစားလုပ်ပြီး ရသမျှသတင်းတွေကို တပ်ထဲကို နေ့တိုင်းသတင်းသွားပို့နေတာ၊ ညကလည်း သတင်းပို့ပြီး ပြန်လာချိန် အပစ်ခံရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့သောင်းမြို့အပြင်ဘက်မှာရှိတဲ့ ခမရ (၃၄၂) တပ်ရင်းကနေ ပြန်လာတဲ့ ဦးမိုးကျော်သူ ကို ကော့သောင်း မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြထားပေမယ့် ကော့သောင်း မြို့ပြပြောက်ကျားအဖွဲ့ကို ဆက်သွယ်လို့ မရရှိသေးပါဘူး။

တနင်္သာရီတိုင်းဒေသကြီးက တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီစစ်အဖွဲ့တွေကို ခုခံတိုက်ခိုက်နေသလို စစ်ကောင်စီရဲ့ ဒေါက်တိုင် ပျူစောထီးဆိုသူတွေနဲ့ သတင်းပေးဒလန် ဆိုသူတွေကိုလည်း မကြာခဏဆိုသလို ပစ်ခတ်ရှင်းလင်းတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။