Spread the love

ရန်ကုန်၊ မတ် (၁၇)

ပြည်သူလူထုနဲ့ နိုင်ငံတကာကအသိုင်းအဝိုင်းက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူးဆိုတာ အားလုံးသိရှိနားလည်ပြီးသား ဖြစ်မှာပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေး ပြောကြားလိုက်ပါတယ်။

“တပြည်လုံးအနှံ့ပါဝင်တဲ့ တော်လှန်ရေးကာလ ဖြစ်တာကြောင့် စီမံဆောင်ရွက်ကြရာမှာ လစ်ဟာမှုတွေ ရှိနိုင်သော်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာတော့ လစ်ဟာအားနည်းမှုတွေ မဖြစ်ရအောင် သတိကြီးစွာ ထားရမှာ ဖြစ်”တယ်လို့ သူက ပြောပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ က မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“စနစ်တစ်ခုကို အပြောင်းအလဲဖြစ်အောင် ဖြိုဖျက် တွန်းလှန်ရာမှာ ပါဝင်ဆောင်ရွက်ကြနေကြတဲ့ အစုအဖွဲ့အသီးသီးက ရည်ရွယ်ချက်၊ ပန်းတိုင်၊ လမ်း ကြောင်းတွေ တူညီနေကြပြီးသား ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို စွဲကိုင်ပြီး ပန်းတိုင်ကိုသွားကြတဲ့ လမ်းကိုရွေးချယ်ကြရာမှာ နည်းလမ်းလေးတွေ အနည်းငယ်ကွဲပြားမှုလေးတွေ ရှိနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဟာ ဘုံရည်မှန်းချက် တူညီနေကြသူတွေ ဖြစ်တာမို့ ညှိနှိုင်းလို့ မရနိုင်စရာမရှိဘူးလို့ မြင်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ဖို့အတွက် ဆက်လက် ကြိုးစားညှိနှိုင်းကြပြီး ခိုင်မာတောင့်တင်းတဲ့ စုစည်းညီညွတ်မှုမျိုး တည်ဆောက်ကာ ခရီးဆက်ကြဖို့” လိုတယ်လို့ သူက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ဒီမိုကရေစီပွင့်လင်းကာလမှာ လွတ်လပ်မှုအရသာ ခံစားခဲ့ကြရတဲ့ မျိုးဆက်ကတော့ အထူးသဖြင့် လူငယ်တွေက စစ်အာဏာသိမ်းပြီးတဲ့နောက် နာတာရှည် အခက်အခဲတွေနဲ့ စိတ်ပျက်မှုတွေ ကြုံလာရပါတယ်။ သူတို့ အနေနဲ့ စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတဲ့ အခြေအနေကို ကြုံနေရတာပါလို့ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။