Spread the love

ရန်ကုန်၊ မတ် (၁၇)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းကျေးရွာ အနောက်ဘက်မှာရှိတဲ့ တောင်ကုန်းဒေသတစ်ကြောမှာ မနေ့ မနက်က စတင်ကာ နေ့လည်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

“စစ်ကောင်စီတပ်တို့ စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသောကြောင့် ယနေ့မနက် ၇ နာရီ မှ နေ့လည်အထိတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၂၀)ကျော် သေဆုံးခဲ့ပြီး တပ်ပေါင်းစုအဖွဲ့များမှ (၅) ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့” တယ်လို့ သူတို့က ပြောပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို စစ်သုံ့ပန်းသဖွယ်ပြုမူကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူတို့က ပြောပြပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ “တိုက်ပွဲဖြစ်ပွားလျက်ရှိသော စစ်မျက်နှာနှင့် ဝေးသောနေရာ ဒေသများအား ပြောင်းရွှေ့ နေထိုင်ပေးကြ” ဖို့ကိုလည်း သူတို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

နမ်းနိန်းကျေးရွာက ဘာသာရေးဆိုင်ရာအဆောက်အဦးနဲ့ လူနေအိမ်တွေ မီးရှို့ခံရတာ၊ သံဃာတော် (၃) ပါး အပါအဝင် ပြည်သူ (၁၉) ဦး ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မတူကွဲပြားတဲ့ ဘာသာရေးနဲ့ လူမျိုးစုတွေအကြား ရည်ရွယ်ချက်ရှိရှိ အမုန်းတရားကြီးထွားလာစေဖို့ လုပ်ကြံဖန်တီးတာဖြစ်လို့ မည်သည့်လုပ်ရပ်မျိုးကို မဆို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ မတ်လ (၁၃) ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။