Spread the love

ရန်ကုန်၊ မတ် (၁၈)

အခုချိန်ဟာ တော်လှန်ရေးကာလဖြစ်လို့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ် မြေတွေအတွင်း စစ်တမ်းကောက်ယူတာ၊ ဖြတ်သန်းသွားလာတာတွေနဲ့ စီမံကိန်းလုပ်ငန်းတွေ ပြုလုပ်မယ်ဆိုပါက NUG ကို ကြိုတင်အသိပေး အကြောင်းကြား‌ပြီးမှသာ ဆောင်ရွက်ဖို့ လိုတယ်လို့
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။

“အမှန်စင်စစ် အကူအညီလိုအပ်နေသော ပြည်သူလူထုထံသို့ လူသားချင်းစာနာကူညီ ပေးမှုများ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန်၊ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်နှင့် တော်လှန်ရေးကာလဖြစ်သည့်အတွက် လုံခြုံရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် အလို့ငှာ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ် မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ကြိုတင်အသိပေးအကြောင်းကြား‌ပြီးမှသာ ဆောင်ရွက်သွားရန် လေးနက်စွာ အသိပေးအပ်ပါ” တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ လူဦးရေ ၁ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။

“အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ယုတ်မာ မီးရှို့ သတ်ဖြတ်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးနစ်နာနေ ရသည်မှာ ကမ္ဘာအသိဖြစ်သည်။ ထို့အတွက် မြန်မာပြည်သူလူထုသည် လူသားချင်းစာနာ ကူညီမှုများ များစွာ လိုအပ်လျက်ရှိပါသည်။နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲ၍ ဝိုင်းဝန်ကူညီပေးကြ” ဖို့ကိုလည်း မနေ့က ထုတ်ပြန်ခဲ့တဲ့ NUG ရဲ့ “နယ်မြေဖြတ်သန်းသွားလာခွင့်” ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။