ရန်ကုန်၊ မတ် (၂၂)
မကွေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အခြေပြုလှုပ်ရှားနေတဲ့ Myingyan Black Tiger (MBT) ရဲ့ စခန်းအမှတ် (၂) ကို မနေ့က စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
“အဆိုပါစခန်းအမှတ် (၂)စီးနင်း ခံရမှုတွင် ကျွန်တော်တို့ရဲဘော်များ လွတ်မြောက်ခဲ့ပေမယ့် အမြဲတမ်းအားပြုနေရသည့် လက်လုပ်ပခုံးထမ်းလောင်ချာ နှစ်လက်၊ လက်လုပ် (RPG)တစ်လက်နှင့် ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်။” တယ်လို့ သူတို့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက ကျေးရွာတေကို စစ်ကြောင်းထိုးနေတာ ဖြစ်လို့ ပြန်လည်ခုခံတိုက်ခိုက်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီကြပေးဖို့ကိုလည်း သူတို့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
“ဒေသခံပြည်သူများအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် ဝေးရာကို တိမ်းရှောင်ရန် နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ အခါအားလျော်စွာ ထုတ်ပြန်ချက်များကို လေးစားလိုက်နာ” ဖို့ လိုတယ်လို့ သူတို့က ပြောပါတယ်။
MBT ရဲ့ စခန်းအမှတ် (၂) ကို ဝင်ရောက်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အခုချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။