Spread the love

ရန်ကုန်၊ မတ် (၂၃)

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အမျိုးသမီးတွေ လူကုန်ကူးမှု သားကောင်တွေ ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

“အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များသည် လူကုန်ကူးမှုအန္တရာယ်နှင့် ကြုံတွေ့ရန် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလျက်ရှိကြောင်း၊ အချို့မှာ လူကုန်ကူးမှု၏ သားကောင်များပင် ဖြစ်နေကြလျက်ရှိကြောင်း” သူက ပြောပြပါတယ်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ (၂၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“စစ်တပ်သည် မြန်မာနိုင်ငံအား နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံရာနယ်မြေအဖြစ် ဖန်တီးပေးလျက်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ အတွက် ဦးတည်ရာနေရာ ဖြစ်လာခဲ့ကြောင်း၊ ဤသည်မှာ မြန်မာ့သမိုင်းတွင် ပထမဆုံးဖြစ်ပြီး၊ အလွန်ဝမ်းနည်းဖွယ်ကောင်း” တယ်လို့ သူ ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ ကုလ ကုလသမဂ္ဂအေဂျင်စီတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အနီးကပ်မျက်ခြေမပြတ် စောင့်ကြည့် အလေးအနက်ထားကာ ထိရောက်စွာ ဖြေရှင်းပေးဖို့ကိုလည်း သူက မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။

ယူကေနိုင်ငံ အာရှရေးရာ ဝန်ကြီး Anne-Marie Trevelyan က ကာကွယ်မှု အလိုအပ်ဆုံးဖြစ်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီပေးမယ်လို့ အခု မတ်လ (၂၁) ရက်နေ့က ပြောဆိုခဲ့ပါတယ်။

“မြန်မာစစ်တပ်က နိုင်ငံကို အကျပ်အတည်းအတွင်း ကျဆင်းစေပြီး၊ သန်းနှင့်ချီသော ပြည်သူတွေဟာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိပါတယ်။ ကာကွယ်မှု အလိုအပ်ဆုံးသော ပြည်သူများအတွက် ကျွန်မတို့အနေနဲ့ ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ကျွန်မတို့ ရပ်တည်ပါတယ်။” လို့ သူက ပြောပါတယ်။