Spread the love

ရန်ကုန်၊ မတ် (၂၃)

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ကို ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်သလို ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အား ပေးကူညီသွားမယ်လို့ အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ကတိပေး ပြောကြားလိုက်ပါတယ်။

“မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူများနှင့် တိုင်းရင်းသားတော်လှန် ရေးအင်အားစုများအား အစဉ်အမြဲ အားပေးထောက်ခံနေ” တယ်လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ရဲ့ (၃) လတာ နိုင်ငံတကာခရီးအတွင်း အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ဇင်မာအောင် က “၂၀၂၃ ခုနှစ်သည် နိုင်ငံတကာမှ အကြမ်းဖက်စစ်အုပ်စုအား အလိုမရှိကြောင်း ပြတ်ပြတ်သားသား ရပ်တည်ပြနိုင်မည့် နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံတကာ၏ အားပေးထောက်ခံမှုဖြင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် တရားမျှတမှု၊ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီတို့အား ဆောင်ကြဉ်း ပေးနိုင်ရန် မိမိတို့အစွမ်းကုန်ကြိုးပမ်းသွား” မယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လက်ရှိအချိန်မှာ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အစားအသောက်၊ ဆေးဝါးတွေ မရရှိအောင်ပါ ပြုလုပ် ကြံဆောင်နေတာ ဖြစ်တယ်လို့ သူက ထောက်ပြလိုက်ပါတယ်။