Spread the love

ရန်ကုန်၊ မတ် (၂၇)

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ကိုင်ပြီး အနိုင်အထက် ပြုကျင့်မှုမျိုး မဖြစ်စေဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေးပြောကြားလိုက်ပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တစ်ခုရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ဘဏ္ဍာငွေအလုံအလောက် ရရှိမှုကလည်း အရေးကြီးနေတာ ဖြစ်ပေမယ့် ကျွန်တော်တို့အစိုးရအနေနဲ့ကလည်း လုံလောက်တဲ့ ထောက်ပံ့မှုမျိုး မပေးနိုင်သေးတဲ့ အချိန်မှာ သူတို့တွေရဲ့ ရပ်တည်မှုဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဖို့တော့ အရေးကြီးပါတယ်။ လက်နက်ကိုင်ပြီး အနိုင်အထက်ပြုကျင့်မှုမျိုး မဖြစ်စေဖို့တော့ ကျွန်တော်တို့က ဝိုင်းဝန်းထိန်းကျောင်း ပေးရမှာ” ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG ရဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့တော်လှန်ရေးဟာ ကမ္ဘာ့တော်လှန်ရေး သမိုင်းမှာ ဖြစ်ပေါ်တိုးတက်မှု အမြန်ဆန်ဆုံး တော်လှန်ရေးတစ်ရပ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ပေါ်တိုးတက်မှု မြန်ဆန်ပေမယ့်လည်း စနစ်ကျတဲ့ စုစည်းမှုနဲ့ အားကောင်းတဲ့ ခေါင်းဆောင်မှု ကသာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ဒီမိုကရေစီပွင့်လင်းကာလမှာ လွတ်လပ်မှုအရသာ ခံစားခဲ့ကြရတဲ့ မျိုးဆက်ကတော့ အထူးသဖြင့် လူငယ်တွေက စစ်အာဏာသိမ်းပြီးတဲ့နောက် နာတာရှည် အခက်အခဲတွေနဲ့ စိတ်ပျက်မှုတွေ ကြုံလာရပါတယ်။ သူတို့ အနေနဲ့ စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတဲ့ အခြေအနေကို ကြုံနေရတာပါလို့ မတ်လ (၁၆) က ပြောဆိုလိုက်ပါတယ်။