Spread the love

ရန်ကုန်၊ ဧပြီ (၃)

နွေဦးတော်လှန်ရေးကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်တွေကို တတ်နိုင်သမျှ ကာကွယ်နိုင်အောင် စစ်ရေး၊ ကာကွယ်ရေး၊ အပါအဝင် လူသားစာနာမှု ကဏ္ဍတွေမှာလည်း အထိအခိုက်နည်းအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်း က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“အကြမ်းဖက်စစ်တပ်ကတော့ ၎င်းတို့ အထိနာလာတာနဲ့အမျှ ကျနော်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေကြသူတွေ၊ ပြည်သူတွေကို ရက်ရက်စက်စက်နဲ့ ပိုမိုပြီး ဖိနှိပ်လာပါတယ်။ အခုရက်ပိုင်းမှာဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အချို့နေရာတွေမှာ လူစိမ်းဝင်ရောက်လာမှုများကို စောင့်ကြည့်ဖို့ ဆိုတာမျိုးတွေအထိ ညွှန်ကြား နေကြောင်း သိရှိရပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ လုံခြုံရေးအတွက် ဘက်ပေါင်းစုံက အထူးဂရုပြုကြဖို့” လိုတယ်လို့ သူက ပြောပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ စီဒီအမ်အောင်မြင်ရေးကော်မတီ အစည်းအဝေးမှာ သူက သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အကြမ်းဖက်စစ်တပ်ဟာ အဖက်ဖက်ကနေ ဆုပ်ယုတ်လာပြီး ၎င်းတို့ ကျဆုံးဖို့ နီးလေ ပြည်သူလူထုကို ပိုမိုပြီး ရက်စက်ပြလေလုပ်ဆောင်လာပြီး တော်လှန်ရေးအင်အားစုများကြောင့် ပြည်သူတွေဟာ အခုလိုဒုက္ခတွေဖြစ်နေသလိုလို ခံစားလာရအောင် လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ အချင်းချင်းတွေရဲ့ ကြားမှာ နားလည်မှုတွေ မကွဲလွဲရအောင်လို့ ပြန်လည်မျှဝေ ညှိနှိုင်းကြရင်းနဲ့ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးရောက်အောင် ဝိုင်းဝန်းမြှင့်တင်ပြီး ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ်တိုက်ထုတ်ကြ” ဖို့လိုတယ်လို့ သူက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ကော်ပရာစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်းကို “(၁.၄.၂၀၂၃) တွင် ရန်သူ စကစဘက်မှ Jet Fighter – SU-30(SME) ဖြင့် ညဘက် ၁၉နာရီ ၄၅မိနစ်တွင် တစ်ကြိမ်၊ ၁၉နာရီ ၅၅မိနစ်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာ ပြည်သူနေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့သည်။ (၂.၄.၂၀၂၃) တွင် ရန်သူ စကစဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် မိမိဘက်မှ Sniper ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့ပါသည်။” လို့ သူတို့က ပြောပါတယ်။