Spread the love

ရန်ကုန်၊ ဧပြီ (၅)

မြို့ပြနဲ့ ပြည်နယ်တွေက တော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ စစ်ရေးဖိအားဒဏ်ခံနေရပြီး နိုင်ငံခြားငွေ သိသိသာသာ ရှားပါးလာပေမယ့် စစ်ကောင်စီရဲ့ နေဝင်ချိန်ရောက်ဖို့ သိပ်မဝေးတော့ပါဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ “တသံတည်း ညီ တချီတည်းရုန်း” နိုင်ကြပြီဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အရေးတော်ပုံကြီးဟာ မုချအောင်မြင်မှာ ဖြစ်” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေရဲ့ ဘဝတွေဟာ တစ်နေ့တစ်ခြား ဆိုးဝါးလာသလို စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“အခုလို တိုင်းပြည်နဲ့ လူထုတရပ်လုံး စီးပွားပျက်ကပ်ကို ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းရဲ့ အဓိက တရားခံဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့နောက်လိုက် အကြမ်းဖက် စစ်အုပ်စုတွေကြောင့်ပါပဲ။ ဒါကြောင့်လည်း အများပြည်သူရဲ့ ဘဝတွေကို ချနင်းပြီး လက်တဆုပ်စာ သူတို့ဘဝကောင်းစားဖို့ အတွက်သာကြည့်တဲ့ လူလို့မမြည်တဲ့ လူတစုကို ကျူပင်ခုတ် ကျူငုတ်ပါမကျန် ရှင်းလင်းပစ်ဖို့ ကျနော်တို့ အဖက်ဖက်က ကြိုးစားနေကြတာ” ဖြစ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ အိမ်ထောင်စုဝင်ငွေ လျော့နည်းလာတာ၊ စားနပ်ရိက္ခာဖူလုံရေး အတွက် ခုသာခံသာဖြစ်စေမယ့် နည်းလမ်းတွေ နည်းလာတာ၊ ပြည်တွင်း ပဋိပက္ခကြောင့် ပိုမို ဆင်းရဲတွင်းနက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံနေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“မြန်မာ့စီးပွားရေးအခြေအနေသည် မသေချာမရေရာမှုနှင့် မတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သည့်အတွက် အချို့သော စီးပွါး‌ရေးလုပ်ငန်းများသည် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် နည်းလမ်းများရှာဖွေနေရ” တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။