Spread the love

ရန်ကုန်၊ ဧပြီ(၇)

မြန်မာစစ်တပ်က အသေးစားနျူကလီးယားဓါတ်ပေါင်းရုံ တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာက အလေးထားအာရုံစိုက် စောင့်ကြည့်ပေးကြဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုသလို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတွေကို လိုက်နာမှု မရှိဘူးလို့ ၂၀၂၃ ခုနှစ် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အထွေထွေရေးရာ ဆွေးနွေးပွဲမှာ သူက ထောက်ပြခဲ့ပါတယ်။

“မြန်မာစစ်တပ်ထံသို့ စီးဆင်းလာသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်နည်းပညာများသည် ဝေဟင်မှဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများအပါအဝင် အပြစ်မဲ့မြန်မာပြည်သူများအပေါ် စစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် အားပေးမှုဖြစ်စေကြောင်း၊ မြန်မာစစ်တပ်ထံသို့ လက်နက်စီးဆင်းစေခြင်းသည် အပြစ်မဲ့မြန်မာပြည်သူများအား အသက်ဆုံးရှုံးစေခြင်းဖြစ်ကြောင်း၊” သူက ပြောပါတယ်။

Photo- စစ်ကောင်စီပြန်ကြားရေး

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှု မဖြစ်ခဲ့ပါက အခုချိန်မှာ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons- TPNW) ကို အတည်ပြုလက်မှတ်ရေးထိုးပြီး ဖြစ်သလို့ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ IAEA ရဲ့ နောက်ဆက်တွဲစာချုပ်တွေကလည်း အာဏာသက်ဝင်နေမှာ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ရဲ့ အာတီကယ် (၃) နဲ့ အညီ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးကို မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ကို ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်သလို ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားပေးကူညီသွားမယ်လို့ ကတိပေးစကား ပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူများနှင့် တိုင်းရင်းသားတော်လှန် ရေးအင်အားစုများအား အစဉ်အမြဲ အားပေးထောက်ခံနေ” တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ရဲ့ (၃) လတာ နိုင်ငံတကာခရီးအတွင်း တွေ့ဆုံခဲ့ချိန်မှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။