Spread the love

ရန်ကုန်၊ ဧပြီ (၇)

စိုးမိုးနယ်မြေ မြို့နယ်အလိုက် အုပ်ချုပ်ရေးကို တာဝန်ယူရတဲ့ သူတွေနဲ့ ကာကွယ်ရေးကို တာဝန်ယူရတဲ့ သူတွေကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ပြဿာနာတစ်ခုချင်းစီအလိုက် အချိန်မီ စုစည်းဖြေရှင်းကြဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်း က သတိပေး ပြောကြားခဲ့ပါတယ်။

“ပဋိပက္ခတွေဟာ တော်လှန်ရေး အရှိန်အဟုန် မြင့်အောင် ကြိုးပမ်းနေကြတဲ့ အခုလို ကာလတွေမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတာ ဖြစ်တာကြောင့် ပြဿနာတစ်ခုချင်းစီအလိုက် အချိန်မီ စုစည်းဖြေရှင်းကြဖို့ လိုမှာဖြစ်ပါတယ်။ ဖြေရှင်းဖို့ ကြန့်ကြာနေမယ်ဆိုရင်တော့ အကျိုးဆက်အနေနဲ့ အချို့အင်အားစုတွေကို ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးရမှာဖြစ်တယ်” လို့ သူက ပြောပါတယ်။

NUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ မနေ့က အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နွေဦးတော်လှန်ရေးဟာ ဒီကနေ့အချိန်အထိ မြေပြင်က အဖွဲ့အစည်းတွေရဲ့ ကြိုးစားရုန်းကန်မှုနဲ့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကြောင့်သာ အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်နိုင်နေတယ်ဆိုတာ ငြင်းလို့ရ နိုင်မယ်မထင်ပါဘူး။ တိုင်းပြည်အတွက် အလုပ် လုပ်နေကြတဲ့သူတွေအကြားမှာ တချိန်မဟုတ် တချိန်မှာ ပွတ်တိုက်မှု သေးသေးကနေ ပဋိပက္ခဆိုတဲ့ အစိုင်အခဲ ပေါ်ပေါက် လာတတ်တာဟာလည်း သဘာဝပဲဖြစ်ပါတယ်။ ဒီလို ပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြရင်းပဲ ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုကို တည်ဆောက်ကြရမှာ ဖြစ်” တယ်လို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို လက်မခံတဲ့ တိုင်းရင်းသားကာကွယ်ရေးတပ်တွေနဲ့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ PDF တပ်ဖွဲ့တွေဟာ ပူးပေါင်းပြီး စစ်ကောင်စီအဖွဲ့ကို တွန်းလှန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *