Spread the love

ရန်ကုန်၊ဧပြီ(၁၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ပဇီကြီးကျေးရွာ ကို မနေ့(ဧပြီ၁၁)ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် PDF အဖွဲ့တွေ အသုံးပြုနေတဲ့ ယမ်းတွေ၊ မိုင်းတွေ သိုလှောင်ထားတဲ့ နေရာကို ထိမှန်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုလိုက်ပါတယ်။

“ဖြစ်စဉ်မှာတော့ စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာမှာ NUG၊ CRPH အဖွဲ့ ရုံးခန်းဖွင့်ပွဲဆိုတဲ့ဟာတွေ၊ ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်” လို့သူက လက်အောက်ခံဝါဒဖြန့် သတင်းဌာနတွေကို အသံနဲ့ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်(၂)စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်မှန်ပေမယ့် PDF အဖွဲ့တွေရဲ့ လက်နက်သိုလောင်တဲ့ နေရာကို ထိမှန်ပြီး ပေါက်ကွဲမှုဖြစ်ကာ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

“မြေပြင်မှာ ရရှိတဲ့သတင်းအရ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှု တစ်ခုထဲကြောင့် ဖြစ်သွားတာ မဟုတ်ပါဘူး၊ အဲဒီအဖွဲ့တွေအနေနဲ့ အဲဒီနေရာအနီးတစ်ဝိုက်မှာ သူတို့ PDF အဖွဲ့ကနေ အသုံးပြုနေတဲ့ မိုင်းတွေ ထောင်ထားတာရှိတယ်၊ ပြီးရင် PDF အဖွဲ့က အသုံးပြုနေတဲ့ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့ နေရာရှိတယ်၊ အဲဒီနေရာတည့်တည့်ကို လက်နက်ထိမှန်တဲ့အတွက်ကြောင့်မိုလို့ ပေါက်ကွဲပြီးတော့ သေဆုံးရတယ်ဆိုတာလည်း သတင်းအတိအကျ ရရှိထားပြီး ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

မနေ့(ဧပြီ၁၁)ရက် မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေ တက်ရောက်ချိန် အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်၊ Mi 35 ရဟတ်ယာဉ်နဲ့ လေးကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီနဲ့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ (၁၀၀)ကျော် သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပေမယ့် အာဏာသိမ်းစစ်အုပ်စုကတော့ သေဆုံးမှုဟာ သူတို့ကြောင့် မဟုတ်ဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် လူမှု့ကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ်နေတဲ့အလောင်းတွေ၊ ဘယ်သူဘယ်ဝါ ဆိုတာ ခွဲခြားဖို့ခက်ခဲအောင် ပျက်စီးနေတဲ့ ရုပ်အလောင်းတွေ အများအပြားကို တွေ့မြင်ရပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ပတ်သက်ပြီး နိုင်ငံတကာသံရုံးတွေ အစိုးရအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။