ရန်ကုန်၊ ဧပြီ (၂၃)
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် စိတ်မကောင်းစွာပင် ကဏ္ဍအားလုံးမှာ နိမ့်ကျယိုယွင်း ပျက်စီးလာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က ပြောပါတယ်။
“မတရားစစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာသူဦးရေနှင့် အလုပ်လက်မဲ့ဦးရေ တိုးပွားလာခြင်း၊ ပညာရေးကဏ္ဍ ဖျက်ဆီးခံရခြင်းများသည် လူသားအရင်းအမြစ်များ လျော့ကျဆုံးရှုံးလာပြီး၊ စိတ်မကောင်းစွာပင် ကဏ္ဍအားလုံးတွင် နိမ့်ကျယိုယွင်းလာနေ” တယ်လို့ သူက ထောက်ပြပါတယ်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြီးခဲ့တဲ့ ဧပြီ (၁၇) ရက်ကနေ (၂၀) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ စီးပွားရေးနှင့်လူမှုရေးကောင်စီ ရဲ့ ၂၀၂၃ ခုနှစ်၊ ဖွံ့ဖြိုး တိုးတက်မှုအတွက် ဘဏ္ဍာရေးဆိုင်ရာဖိုရမ်ဆွေးနွေးပွဲမှာ သူက ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံသည် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်၊ ငွေကြေးချမ်းသာမညီမျှမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေး လုပ်ငန်းများနှင့် ရေရှည်ကြီးပွား တိုးတက်မှုရရှိရေးဆိုင်ရာ အသွင်ကူးပြောင်းမှုလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ရန် ကတိကဝတ်ပြု ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် မိမိတို့၏ အောင်မြင်မှုရရှိထားသည့် လုပ်ငန်းစဉ်များအားလုံးမှာ စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပြည်သူများအပေါ် ရက်စက်သော အကြမ်းဖက်မှုများကြောင့် နှောင့်နှေးရပ်တန့်ခဲ့ရ” တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဂျာမနီသံရုံး တာဝန်ရှိသူ York Schuegraf က ဂျာမနီနိုင်ငံအနေနဲ့ အခုနှစ်မှာလည်း မြန်မာနိုင်ငံက ပြည်သူတွေကို ဆက်လက် ထောက်ပံ့ပိုး ကူညီပေးသွားမယ်လို့ ကတိပေး ပြောကြားပါတယ်။
“လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ သိသိသာသာ မြင့်မားလာကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ဆက်လက်ကြုံတွေ့နေရ” တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ထည့်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဂျာမနီနိုင်ငံဟာ ယူရို ၁၂ သန်း နဲ့ အများဆုံးရန်ပုံငွေ ထည့်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။