Spread the love

ရန်ကုန်၊ ဧပြီ (၂၆)

နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ အတွက် အရေးယူသင့်ကြောင်းနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ပြောကြားလာတာတွေ တွေ့ရပေမယ့် အခုချိန်ဟာ အရေးယူသင့်ကြောင်း၊ ရှုံ့ချသင့်ကြောင်းတွေပဲ ပြောနေကြရတော့မယ့် အချိန်မဟုတ် တာတော့ သေချာနေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အခုထက်ပိုပြီး အာရုံစိုက်ပေးကြဖို့ လိုအပ်နေပြီ” ဖြစ်တယ်လို့ သူက ပြောပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ “အကြမ်းဖက် စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ၊ ထိန်းချုပ်နိုင်မှုတွေ အားနည်းလာ လေလေ ဖိလို့ရမယ့် ဒေသတွေက အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်လာလေလေ ဖြစ်မှာကို အထူးပဲ စိတ်ပူပန်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ပထမအဆင့် ပြည်သူကို ကာကွယ်ပေးနိုင်ဖို့ အစီအမံတွေ အချိန်နဲ့ တပြေးညီ ချမှတ်နိုင်ဖို့နဲ့ ဒုတိယအဆင့် အရေးပေါ် ဖြစ်ပေါ်လာမှု အခြေအနေတွေကို စနစ်တကျ ကိုင်တွယ်စီမံနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Barbara Woodward က မြန်မာပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်အားလုံးကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ရရာနည်းလမ်းတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။

“မိမိတို့အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်၍ ၎င်းတို့၏ ဒီမိုကရေစီတောင်းဆိုမှုများကို ထောက်ပံ့ပေးနိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား” မယ်လို့ ဧပြီ (၁၄) ရက်နေ့က နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *