ရန်ကုန်၊မေ(၁၀)
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုဓမ္မာလမ်း ဈေးထိပ်မှာ မနေ့(မေ၉)ရက် ညနေပိုင်းက အမျိုးသားတယောက် ခန္ဓာကိုယ်အပူချိန် မြင့်တက်ကာ လဲကျသတိလစ်ခဲ့ပြီး ဆေးကုသပေးနေချိန် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဆီက သိရပါတယ်။
အသက်(၅၀)အရွယ် အမျိုးသား လဲကျသတိလစ်နေတာကို သတင်းရရှိပြီး သွားရောက်ကူညီကာ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ညပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သေသွားတဲ့လူက မြောက်ဥက္ကလာထဲကပါပဲ၊ နေရာတော့ အတိအကျ မသိဘူး၊ စွပ်ကျယ်နဲ့ ဈေးဝယ်လာရင်း သတိလစ်လဲကျလို့ အနားကလူတွေ ဖုန်းဆက်အကူအညီတောင်းပြီး ဆေးရုံပို့လိုက်တာ၊ ညပိုင်းမှာ သေသွားပြီလို့ လိုက်ပြီး ကူညီပေးတဲ့ လူတွေဆီက သိရတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။
ခန္ဓာကိုယ်အပူချိန်မြင့် လဲကျသတိလစ်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ညပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ လူမှုကူညီရေးအသင်းက ဖော်ပြထားပေမယ့် သေဆုံးတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
အခုရက်ပိုင်းအတွင်း အပူချိန် မြင့်မားနေလို့ ရန်ကုန်မြို့အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ အပူချိန်မြင့်လဲကျ သေဆုံးသူတွေ ရှိနေပါတယ်။
စစ်ကောင်စီက လူစုလူဝေးနဲ့ ကျင်းပခဲ့တဲ့ အတာသင်္ကြန်ပြီးနောက်မှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာပြီး မနေ့(မေ၉)ရက် နေ့ညပိုင်းအထိ COVID-19 ရောဂါနဲ့သေဆုံးသူ (၁၉,၄၉၂) ယောက်ရှိပြီ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။