Spread the love

ရန်ကုန်၊မေ(၁၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ထဲမှာ မနေ့(မေ၉)ရက် မနက်ပိုင်းက ဈေးဝယ်ထွက်လာတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား(၁)ယောက်သေပြီး၊ သေနတ်(၁)လက်ရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဆီက သိရပါတယ်။

ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်ထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဟာ မနက်ပိုင်းက ဈေးဝယ်ထွက်လာတဲ့ အချိန်မှာ ချောင်းဦးမြို့နယ် ပကဖ၊ CHUPDF တပ်ခွဲ (၂) ရဲဘော်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုမှာ စစ်သားတစ်ယောက် သေဆုံးခဲ့ပြီး ကာဘိုင်သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကျည် (၁၄) တောင့် သိမ်းဆည်းရမိတယ်လို့ CHUPDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချောင်းဦးမြို့နယ်က ဒေသခံကာကွယ်ရေးအဖွဲ့တွေဟာ မနေ့(မေ၉)ရက် ညနေ(၅)နာရီဝန်းကျင်အချိန်မှာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ခဲ့သလို ည(၈)နာရီဝန်းကျင်အချိန်မှာလည်း ကင်းပုန်းဝပ် ထွက်လာတဲ့ စစ်အုပ်ကို ငါးယှန်ရွာ နဲ့ သန်းပင်ကန်ရွာကြားမှာ ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတချို့သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနိုင်တယ်လို့ ချောင်းဦးမြို့နယ် ပကဖ က အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *