ရန်ကုန်၊မေ(၁၆)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှာ လေဘေးရှောင်နေတဲ့ ပြည်သူတွေခိုလှုံနေတဲ့ ဓမ္မာရုံပြိုကျပြီး လူ(၁၃)ယောက်သေဆုံးခဲ့တယ်လို့ Rakhine Covid19 Watch ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ(၁၄)ရက်နေ့မှာ အင်အားပြင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်း ဟာ တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတာကြောင့် လေဘေးလွတ်ရာဒေသတွေမှာ ခိုလှုံရင်းအခုလို့ ဓမ္မာရုံပြိုကျပြီး အမျိုးသမီး (၉)ယောက်နဲ့ အမျိုးသား (၄)ယောက် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက်(၇)နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အင်အားပြင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ သာသနိကအဆောက်အအုံ – ၃ ခု၊ ဘုန်းတော်ကြီးကျောင်း – ၈ ကျောင်း ၊ စာသင် ကျောင်း – ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း – ၉ ခု၊ ဈေး – ၁ ခု၊ ဆက်သွယ်ရေး တာဝါတိုင် – ၁ ခု၊ လူနေအိမ် – ၅၈၈ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် – ၁ ခု၊ လမ်းမီးတိုင် – ၇ ခု၊ ထရန်စဖော်မာ – ၁ လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ -၂၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး (၃)ယောက်သေဆုံးကာ (၁၃)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းနောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့် သေဆုံးသူ (၅)ယောက်ရှိနေပြီ ဖြစ်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း မေ(၁၄)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက မုန်တိုင်းကြောင့် သေဆုံးသူ (၃)ယောက်သာရှိတယ်လို့ ဖော်ပြထားပေမယ့် လူမှုကူညီရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ တော့နိုင်ငံတစ်ဝန်း သေဆုံးသူ (၁၂)ယောက်အထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။