Spread the love

ရန်ကုန်၊မေ(၁၆)

ရခိုက်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုပြုပြီး တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ ကြောင့် ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောပါတယ်။

“စစ်တွေမြို့ကို ဗဟိုပြုပြီး တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်မှာ ပျက်စီးဆုံးရှုံးမှု အမြောက်အများ ဖြစ်ပေါ်စေခဲ့ပါတယ်၊ မုန်တိုင်းဖြတ်ကျော်ခဲ့တဲ့ လမ်းတစ်လျှောက်က မြို့နယ်၊ အဆောက်အုံ၊ အိုးအိမ်တို့ ပျက်စီးဆုံးရှုံးမှုက ၉၀ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်၊ ရှိတဲ့အင်အားနဲ့ ကြိုတင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်တာတွေ ရှိခဲ့လို့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့ပါတယ်” လို့ သူကဒီနေ့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဟာ ရခိုင်ပြည်နယ်ကို မဝင်ရောက်ခင်အချိန်မှာ ရက္ခိုင့်တပ်တော် (ULA/AA) က ရွာတွေကို စက်လှေ၊ မော်တော်ဘုတ်တွေနဲ့ ဝင်ရောက်ပြီး ရွေ့ပြောင်းပေးခဲ့သလို နေရေးထိုင်ရေး ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (ULA/AA) က ဝင်ရောက် စီစဉ်ဆောင်ရွက်ပေးခဲ့တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အင်အားဖြစ်ခဲ့ရပြီး မိမိတို့ကိုယ်ပိုင်အစီအစဉ်နဲ့ ဆောင်ရွက်ပါက အခုလိုစနစ်တကျဖြစ်မှာ မဟုတ်နိုင်ဘူးလို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (ULA/AA) အနေနဲ့ မြေပုံမြို့၊ မင်းပြားမြို့၊ ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အများစုကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ပြည်သူတွေအနေနဲ့ ပျက်စီးဆုံးရှုံးတာတွေ ခံနေရတာကြောင့် ကုန်ပစ္စည်း ရောင်းဝယ်သူတွေအနေနဲ့ အဆမတန် ဈေးနှုန်းတင်ရောင်းချတာ မလုပ်ကြဖို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ စိတ်အားမငယ်ကြဖို့လည်း သူက အားပေးစကား ပြောကြားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *