Spread the love

ရန်ကုန်၊မေ(၁၆)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန် အုတ်နံရံ ပြိုကျခဲ့တာကြောင့် အရာရှိတစ်ယောက်နဲ့ စစ်သားနှစ်ယောက်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ထားပါတယ်။

ရခိုင်ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ လေပြင်းတိုက်ခိုက်တာ၊ ဒီရေဝင်ရောက်ခဲ့လို့ ထိခိုက်သေဆုံးတာတွေ၊ ပျက်စီး ပြိုလဲခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပြီး သွားရောက်ကူညီချိန်မှာ အခုလို အုတ်နံရံပြိုကျခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပေမယ့် သေဆုံးသူတွေဟာ ဘယ်နေမြေခံ တပ်ရင်းတပ်ဖွဲ့က ဖြစ်တယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

အင်အားပြင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ သာသနိကအဆောက်အအုံ – ၃ ခု၊ ဘုန်းတော်ကြီးကျောင်း – ၈ ကျောင်း၊ စာသင် ကျောင်း – ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း – ၉ ခု၊ ဈေး – ၁ ခု၊ ဆက်သွယ်ရေး တာဝါတိုင် – ၁ ခု၊ လူနေအိမ် – ၅၈၈ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် – ၁ ခု၊ လမ်းမီးတိုင် – ၇ ခု၊ ထရန်စဖော်မာ – ၁ လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ -၂၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး (၃)ယောက်သေဆုံးကာ (၁၃)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့၊ ဒုံးပိုက်ကျေးရွာအုပ်စုအတွင်းမှာ မိုခါမုန်တိုင်း တိုက်ဝင်ရောက်ခဲ့လို့ လေဘေးရှောင်ပြည်သူ (၁၁)ယောက်သေဆုံးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသလို စစ်တွေမြို့အနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာလည်း မုန်တိုင်းကြောင့် သေဆုံးသူ ရာချီရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *